Sunday, 27 June 2010

( BE READY TO CRY) from ဒုတိယblog

“ ဒုတိယ ” blog http://dutiya.blogspot.com/ မှ ဖတ်မိတဲ့ နှစ်သက်မိသော ပိုစ့်တစ်ခု ကို ကူးယူဖေါ်ပြပါသည်။ ။




“ Be ready to cry ” ဆိုတဲ့ title ကြောင့် ဘာအကြောင်း များလဲ ဆိုပြီး ဒီ video ကိုကြည့်ဖြစ်တယ် ။ ကိုယ့်နိုင်ငံ အကြောင်းလဲ မဟုတ်ဘူး ၊ ကိုယ်နဲ့ လဲ ဘာမှ မဆိုင်ပါဘူး ။ ဒါပေမဲ့ video စစချင်းမှာ ပါတဲ့ ကောင်မလေး ရဲ့  မျက်နှာ ၊ သခင်ကို ပြေးကြိုတဲ့ ခွေးလေး နဲ့  “ I missed you too daddy ” လို့ ပြော လိုက်တဲ့ ကောင်လေးတွေ ကို ကြည့်ပြီး တာနဲ့  ဒီ video က ကျွန်တော့်ကို တကယ် မျက်ရည်ကျ စေတယ် ။ ကျွန်တော် အိမ်နဲ့ ဝေးနေတာ ကြာပြီး မို့ လို့ လဲ ပါမှာပါ ။





ဒီ video တွေကို ကြည့်ပြီး လွန်ခဲ့တဲ့ ၂ လလောက်က ဖတ်လိုက်ရတဲ့ သတင်း တစ်ပုဒ်ထဲက “ ကျွန်တော့် သူငယ်ချင်း မွန်ပြည်သစ် ပါတီ တပ်သားတစ်ဦးက သူတောထဲ ပြန်သွားရတော့ မှာမို့  သူ့ ရဲ့ ဇနီးနဲ့ ကလေး တွေကို စောင့်ရှောက် ပေးဖို့  ကျွန်တော်ကို မှာခဲ့တယ် ” ဆိုတဲ့ စာ ကြောင်းကို ပြန်သတိရ မိတယ် ။

မွန်ပြည်သစ် ပါတီဟာ ၁၉၉၅ ခုနှစ်မှာ အစိုးရနဲ့  အပစ်အခတ် ရပ်စဲခဲ့တယ် ။ ကျွန်တော်သိတဲ့ အစ်ကိုကြီး တစ်ယောက်က သူနဲ့ သူ့  သူငယ်ချင်း အချို့  ကျောင်းပြီးတာနဲ့  မွန်ပြည်သစ် ပါတီ ဝင်ဖို့  စီစဉ်ထား ပေမဲ့ ၊ သူတို့  နောက်ဆုံးနှစ်မှာ မွန်ပြည်သစ် ပါတီက ငြိမ်းချမ်းရေး ယူခဲ့တာကြောင့် အဲဒီနေ့ မှာ မျက်ရည်ကျတဲ့ အထိ ဝမ်းနည်းခဲ့ ရကြောင်း ပြောပြဖူးတယ် ။

မွန်ပြည်သစ် ပါတီဟာ အပစ်အခတ် ရပ်စဲစဉ် တုန်းက မွန်ကျေးရွာတွေ ၊ မွန်ဆရာတော်တွေ ဆီကို သွားပြီး ယခု ငြိမ်းချမ်းရေး ယူတာဟာ တော်လှန်ရေးကို စွန့် လွှတ်လိုက်တာ မဟုတ်ကြောင်း ၊ လက်နက်ချ အညံ့ခံ လိုက်တာ မဟုတ်ပဲ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့  အဖြေရှာဖို့  ကြိုးစားခြင်းသာ ဖြစ်ကြောင်း လိုက်လံ ရှင်းပြခဲ့တယ် ။ ငြိမ်းချမ်းရေး ယူပြီးနောက်ပိုင်းမှာ နိုင်ငံရေး ပြသနာတွေ အတွက် တွေ့  ဆုံ ဆွေးနွေးပြီး အဖြေရှာဖို့  အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး ။

နယ်ခြားစောင့်တပ် ဖွဲ့ ဖို့ တောင်းဆိုလာတဲ့ အခါမှာလဲ မွန်ဆရာတော်တွေ ၊ အခြားသော မွန်အဖွဲ့  အစည်းတွေ ၊ မွန်ပြည်သူတွေ ဆီက သဘောထားတွေကို တောင်းခံခဲ့တယ် ။ အားလုံးရဲ့  သဘောတူညီမှု ၊ ထောက်ခံ အားပေးမှုနဲ့  မွန်လူမျိုး တွေအတွက် အာမခံချက် ရှိတဲ့ ဥပဒေ မရှိသရွေ့  လက်နက်စွန့် မှာ မဟုတ်သလို ၊ တပ်ကိုလဲ ဖျက်သိမ်းမှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ ကြတယ် ။

နယ်ခြား စောင့်တပ် ဖွဲ့ ဖို့  နောက်ဆုံးရက် သတ်မှတ်ပြီး ဖိအားပေးမှု အထိ ဖြစ်လာတာကြောင့် မွန်ပြည်သစ် ပါတီက တပ်စခန်း အချို့  ကို တောထဲ ပြန်လည် ပြောင်းရွေ့  ခဲ့ပေမဲ့လဲ ၊ အစိုးရတပ်တွေက စတင် မတိုက်ခိုက်လာ သရွေ့ ရရှိ ထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွား မယ်လို့  ဆုံးဖြတ်ခဲ့ ကြတယ် ။

မြို့ ရွာတွေပေါ်မှာ ၁၅ နှစ်ကျော် နေထိုင်လာ ကြပြီးမှ မိသားစုနဲ့  သားသမီးတွေကို စွန့် ပြီး တောထဲ တောင်ထဲကို ဘယ်သူမှ တော်ရုံ စိတ်ဓာတ်နဲ့  ပြန်မဝင် ကြပါဘူး ။ ပုံမှန်လစာ မရှိ ၊ မိသားစု တွေနဲ့  ဘယ်တော့ ပြန်တွေ့  ရမှန်း မသိပဲ ၊ ဘယ်တော့ ပြီးမယ်ဆိုတာ ဘယ်သူမှ မသိတဲ့ တော်လှန်ရေးမှာ တော်ရုံ ခံယူချက်တွေနဲ့  ဘယ်သူကမှ ပါဝင်တာဝန် မယူ ကြပါဘူး ။

မြန်မာပြည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့  သတင်းကြားရင် ဘယ်သူ့  ကိုမှ မနိုင် စေချင်သလို ဘယ်သူ့  ကိုမှလဲ မရှုံးစေ ချင်ဘူး ။ တိုက်ပွဲတွေ ကိုသာ အမြန် အဆုံးသတ် စေချင်တယ် ။ တိုက်ပွဲဆိုတာ လူကြီးတွေက ပါးစပ်နဲ့  စစ်ကြေငြာပြီး လူငယ်တွေက အသေခံ တိုက်ရတာပါ ။ ဘယ်တပ်က စစ်သားဘဲ ဖြစ်ဖြစ် သူတို့  မှာ သူတို့  အိမ်ပြန်လာချိန်ကို စောင့်နေမဲ့ မိသားစုတွေ ၊ သူတို့ ကို ချစ်တဲ့ သူတွေ ရှိကြမှာပါ ။ တိုက်ခိုက်နေ ကြမဲ့ အစား တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်မှု ၊ လေးစားမှု တွေနဲ့  ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့  ဖြေရှင်းနိုင် ကြရင် ကောင်းမယ် ။

ကျွန်တော် မူလတန်းကျောင်းသား အရွယ်မှာ ရွာကို အလည် ပြန်တုန်းက ကျွန်တော့်ရဲ့  ဝမ်းကွဲအစ်ကို တစ်ယောက်က ရွာ ထဲ လိုက်ပြတယ် ။ အိမ်တစ်အိမ်ရှေ့  အရောက်မှာ လူ ၅ ယောက်လောက် ဝိုင်းဖွဲ့ ပြီး ရယ်ရယ် မောမော စကားပြော နေကြတယ် ။ နှစ်ယောက်က အခြားသူတွေနဲ့  မတူ ထူးခြားနေတယ် ။ ပုဆိုး နဲ့  သာမန် ရှပ်အင်္ကျီ ကို ဝတ်ထားပေမဲ့ ပခုံး ကြိုးသိုင်းနဲ့  စစ်ခါးပတ်တွေ ပတ်ထားကြတယ် ။ ပခုံး ကြိုးသိုင်းမှာ လက်ပစ်ဗုံးတွေ ချိတ်ထားတယ် ။ သူတို့ ရဲ့  ခြေရင်းနားမှာ သေနတ်တွေ ထောင်ထား ကြတယ် ။ ကျွန်တော်က စိတ်ဝင်စားပြီး သူတို့ က စစ်သားတွေ လားလို့  ကျွန်တော့် အစ်ကို ကိုမေးတော့ ဟုတ်တယ်လို့  ပြန်ဖြေတယ် ။ စစ်သားဆို ဘာလို့  စစ်ဝတ်စုံ မဝတ်ထားတာလဲ ဆိုတော့ သူတို့ က မွန်စစ်သားတွေ လို့ ပြန်ပြောတယ် ။ ကျွန်တော့် အစ်ကို ပြောတဲ့ မွန်စစ်သား ဆိုတာကို ကျွန်တော် နားမလည်ဘူး ။ ကျွန်တော် သိတာက စစ်သား နဲ့  သူပုန် နှစ်မျိုးပဲ သိတယ် ။ စိတ်ထဲကတော့ အလွယ်ပဲ မွန်ရွာမှာ တာဝန်ကျတဲ့ စစ်သားမို့ လို့  မွန်စစ်သားလို့  ခေါ်တာ ဖြစ်မယ်လို့  အလွယ်ပဲ နားလည် ထားလိုက်တယ် ။

နောက် ၁၅ မိနစ်လောက် လမ်းထပ် လျှောက်တော့ ရွာမှာရှိတဲ့ ဆေးရုံကို ရောက်တယ် ။ ဆေးရုံ အဆောက်အအုံရဲ့  အဝင်ဝမှာ စစ်ဝတ်စုံနဲ့  စစ်သားတစ်ယောက် စောင့်နေတယ် ။ အခြားတစ်ဖက်မှာ နောက်ထပ် တစ်ယောက် စောင့်နေတယ် ။ စစ်မေးတာတွေ ဘာတွေ မလုပ်ပါဘူး ။ ဒီတိုင်းရပ်ပြီး လုံခြုံရေး တာဝန်နဲ့  စောင့်နေ ကြတာပါ ။ ဝတ်စုံအပြည့်နဲ့  စစ်သားကို မြင်တော့ ဟို မွန်စစ်သားတွေ ကျတော့ ဝတ်စုံမဝတ်ရဘဲ ၊ ဒီ မွန်စစ်သားတွေ ကျတော့ ဘာလို့  ဝတ်စုံ ပြည့် ဝတ်ထား ရတာလဲ ၊ ဆေးရုံမှာ စောင့်ရလို့ လား ဆိုတော့ အစ်ကိုက ဒါက ဗမာစစ်သား ၊ ခုနက စစ်သားတွေက မွန်စစ်သားတွေ လို့  ပြန်ပြောတယ် ။ ဘာကွာလို့ လဲ ပြန်မေးတော့ အစ်ကိုက မွန်စစ်သား ဆိုတာ တောထဲမှာ နေတဲ့ မွန်အဖွဲ့  တွေဆီက စစ်သား ဖြစ်ကြောင်း ပြန်ရှင်းပြတယ် ။ ဒါဆို ခုနက တွေ့ ခဲ့တာ သူပုန်တွေ လားဆိုတော့ တောထဲက မွန်စစ်သား တွေလို့  ပြန်ပြောတယ် ။ အဲဒီနောက်ပိုင်းမှာ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့  တွေကို တိုင်းရင်းသားတွေက သူပုန်တွေလို့  မခေါ်ကြ တာကို သတိထား မိခဲ့တယ် ။

အဲဒီအချိန်တုန်းက ဘယ်တိုင်းရင်းသား အဖွဲ့  ကမှ ငြိမ်းချမ်းရေး မယူရသေးပါဘူး ။ ကျွန်တော်တို့  ရွာကလဲ အမဲရောင် နယ်မြေထဲမှာပါ ။ ရွာသားတွေနဲ့  စကားဝိုင်းဖွဲ့  ပြောနေကြတဲ့ မွန်စစ်သားတွေကို ဘယ်သူမှ လာမတိုက် သလို ၊ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ ဆေးရုံမှာ တာဝန်ကျနေတဲ့ စစ်သားတွေ ကိုလဲ ဘယ်သူမှ လာမတိုက် ကြဘူး ။ မသိလို့  များလားလို့  တွေးရအောင်ကလဲ မွန်စစ်သားတွေ ရွာထဲမှာ ရှိနေတာကို မသိတာ ဖြစ်နိုင်ပေမဲ့ ဆေးရုံမှာ နေ့  တိုင်း တာဝန်ကျတဲ့ စစ်သား ရှိတာကိုတော့ မသိပဲ နေမှာ မဟုတ်ပါဘူး ။ မွန်စစ်သားနဲ့  ဗမာစစ်သားတွေက တစ်ဦးကို တစ်ဦး နားလည်မှုနဲ့  တစ်ဖွဲ့ က ရွာထဲဝင်လာရင် အခြားတစ်ဖွဲ့ က ထွက်သွားတတ်ကြောင်း ၊ တစ် ဖွဲ့ က ဒီလမ်းကြောင်းက သွားနေရင် အခြားအဖွဲ့ က တစ်ခြား လမ်းကနေ ရှောင်ပြီး သွားတတ် ကြောင်း ၊ မလွှဲ မရှောင်သာမှ တိုက်ပွဲတွေ ဖြစ်တတ်ကြောင်း ကျွန်တော့် အဖေ ပြောတာ ကြားဖူးတယ် ။

စစ်ပွဲတွေကြောင့် မိသားစုတွေ ခွဲခွာနေ ကြရတယ် ။ အချို့  သူတွေလဲ သူတို့ ချစ်တဲ့ သူတွေကို အပြီးအပိုင် ခွဲခွာသွားခဲ့ ကြတယ် ။ ဘယ်တုန်းကမှ တိုက်ပွဲတွေနဲ့  မကင်းခဲ့တဲ့ ကျွန်တော်တို့  နိုင်ငံမှာလဲ သူတို့ ချစ်တဲ့ သူတွေအတွက် မျက်ရည်ကျ ခဲ့ရတဲ့ မိသားစုတွေ ဘယ်လောက် တောင်များ ရှိခဲ့ပြီးလဲ ? သေချာတာ ကတော့ နိုင်ငံ မငြိမ်းချမ်း သရွေ့  ၊ စစ်ပွဲတွေ မရပ်နိုင် သေး သရွေ့  ဒီလို စိတ်မကောင်း စရာတွေ ဆက်ရှိနေ ဦးမှာပါ ။

နယ်ခြားစောင့်တပ်ဖွဲ့ ဖို့  သတ်မှတ်ထားတဲ့ နောက်ဆုံး ရက်တွေ ကျော်သွား ပေမဲ့လဲ တိုင်းရင်းသား အဖွဲ့  တွေက မိမိတို့  ရဲ့  ခံယူချက်တွေကို ခိုင်မာစွာ စွဲကိုင်ထား ကြတုန်းပဲ ။ နယ်စပ်တွေမှာလဲ အခုအချိန်ထိ သေနတ်သံတွေ တိတ်ဆိတ် နေတုန်းပဲ ။ ဒါပေမဲ့ ဒီတိတ်ဆိတ် နေမှုက ကြာရှည်ခံမှာ မဟုတ်သလို ၊ ပြသနာတွေကိုလဲ ပြေလည်စေမှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိနေကြတယ် ။ ဘယ်သူတွေက မှားတယ် ၊ ဘယ်သူတွေက မှန်တယ်ဆိုတာ ကတော့ သမိုင်း က အဖြေ ပေးလိမ့်မယ် ။ ။

History teaches that war begins when governments believe the price of aggression is cheap.
Ronald Reagan

All war represents a failure of diplomacy.
Tony Benn

A people free to choose will always choose peace.
Ronald Reagan

Older men declare war. But it is the youth that must fight and die.
Herbert Hoover

2 comments:

  1. ဖိုးတက်28 June 2010 at 03:33

    မွန်ရော ကရင်ရော အတူတူပါပဲ။ နွားအားဖ ဖက်ကလဲ ဒီလိုပါပဲ။ အပေါ်ကသွားပါဆိုတဲ့လမ်းကိုတောင် အောက်ခြေမှာ သတင်းရရင်သွားချင်မှ သွားကြတာ။ ဒါမှလဲ အသက်နဲ့  ခန္ဓာ မြဲတော့မပေါ့ကွယ်။ သွားဆိုတဲ့ နေရာကို စက်ပေါ်ကနေပြီး ခြောက်လုံးအမှန်ပေးတယ်။ မြေပုံညွှန်း နေရာမှန်ပေါ့။ ဒါပေမဲ့ လူကတော့ ရွာထဲမှာနှပ်ချင် နှပ်နေမှာပေါ့ဝေ့။ ကောင်းပါလေ့။

    ReplyDelete
  2. I seriously love your site.. Excellent colors & theme.

    Did you make this website yourself? Please reply back as
    I'm hoping to create my very own blog and want to learn where you got this from or what the theme is named. Thanks!

    Here is my web site wilfredschul17.xanga.com

    ReplyDelete