Sunday, 3 May 2009

(28) WFP-MGD ရခိုင်ပြည်နယ်မြောက်ပိုင်း

၁၉၉၆ ခုနှစ် အောက်တိုဘာလ

ရန်ကုန်ရုံးချုပ်မှအစီအစဉ်ဖြင့် ၊ မင်္ဂလာဒုံလေယာဉ်ကွင်းမှ ခရီးထွက်ဖို့ ပြင်ဆင်အပြီး၊ မှော်ဘီမှ အိမ်သားများကို နှုတ်ဆက်ကာစိတ်မပူရန် အထပ်ထပ်မှာ ခဲ့သည်။ ပထမဆုံးအိမ်ကို ခွဲခွာခြင်းမဟုတ်တော့ အရမ်းစိတ်မလှုပ်ရှားမိ၊ မနက်စောစော ရန်ကုန်မှ လေယာဉ်ဖြင့် စစ်တွေ၊ စစ်တွေတွင် တညအိပ်ပြီး နောက်တနေ့ သဘောင်္ဖြင့် ဘူးသီးတောင် သို့ သွားသည်။

သင်္ဘောမှာ ရသေ့တောင်မြို့  အလွန် မြစ်အတွင်းတွင် သောင်နေသဖြင့် နေ၀င်မှ ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်သည်။ မောင်တောရုံး မှ တာဝန်ခံ မြန်မာလူမျိုးဦးလေးနှင့် ဘယ်လဂျီယမ်နိုင်ငံသား၊ ဘူးသီတောင်ရုံးတာဝန်ခံ ပြင်သစ်နိုင်ငံသား တို့ ကျမတို့  အုပ်စုကို လာရောက်ကြိုဆိုကြသည်။ မှတ်မှတ်ရရ လသာသာနှင့် language များကို သင်္ဘောမှ ခနော်နီခနော်နဲ့ တံတားဖြင့် ကမ်းပေါ် ရောက်အောင်တက်ရသည်။

ညစာကို ဘူးသီးတောင်ရုံး အနောက်ဘက်လမ်းမှ ထမင်းဆိုင်တွင် သွားရောက် စားသောက်ခဲ့သည်။ ထမင်းဆိုင်မှာ အိမ်ဆိုင်ဖြစ်ပြီး အတို့ အမြှုပ်စုံလှသည်။ အရိပ်ကောင်းသောအိမ်ဝိုင်းအတွင်း အောက်ထပ်တွင် ထမင်းခုံတန်းများ ချထားပြီး လက်ဆေးရန်အတွက် အိမ်အပြင် သရက်ပင်အောက်မှ ကျောက်စည်တွင် သွားဆေးရသည်၊ အတူတူလာသော ဆယ်မြောင်းအင်ဂျင်နီယာ ၃ဦးနှင့် တိုက်ကြီးမှ အဒေါ်ကြီး တစ်ယောက် စုစုပေါင်း ၅ယောက်စလုံး အောင်တံခွန် တည်းခိုခန်းတွင် တည်းကြသည်။

ရေနံဆီမီးခွက်များ အောက်လင်းဓါတ်မီး များ သာထွန်းထားသော ဘူးသီးတောင်မြို့ ကို ကြည့်ကာ အနည်းငယ် ကြောက်မိသည်။ ယခင်က မီးမရှိသောမြို့ မှာ မနေဘူးသောကြောင့် ၄င်း၊ ပထမဆုံး အမှောင်ထု ကို ၀န်စီစလွယ်ဖြင့် လာခဲ့ရသောကြောင့် ၄င်း၊ ခရီးပန်းသောကြောင့် ၄င်း၊ ညဘက် တည်းခိုးခန်းထဲမှာ ကြိတ်ငိုမိသည်။ ညဘက်အိပ်မပျော် ဘင်္ဂလီဘာသာ စကားပြောသူတို့  တည်းခိုပုံရသည်။ တညလုံးစကားပြောသံများ နှင့် တံခါးပိတ်သံ အနှောင့်အယှက် များကြောင့် မိုးစင်စင်သာ လင်းသွားသည်။

နောက်တနေ့ မနက်စောစောပိုင်းတွင် တာဝန်ကျရာ မောင်တောမြို့ သို့ ရုံးကားဖြင့်လာရောက်ကြိုဆိုသည်။ ဘူးသီးတောင်၊ မောင်တော လမ်းမှာ အလွန်ကြမ်းသည်။ ဥမင်လှိုင်ခေါင်း ၂ခုကို ဖြတ်ရသည်။လှိုင်ခေါင်း အရှည် နှင့် လှိုင်ခေါင်းအတို တို့ သည် တောင်ပတ်လမ်း အတိုင်းဖေါက်ထားပြီး တောင်၏တဘက်အခြမ်းတွင် ချောက်ကမ်းပါးများရှိသည်။ တောဆင်ရိုင်းများ ကြက်စားရာ နေရာဖြစ်သည် ဟု ယာဉ်မောင်းသူက ပြောသည်။

နာရီဝက်ကျော်ကျော် ကားစီးပြီးနောက်တွင် ၃မိုင်စခန်း၊ နစက (နယ်စပ်ဒေသကွပ်ကဲရေး check point) ကိုဖြတ်ကာ မောင်တောရုံးသို့ ရောက်ရှိခဲ့သည်။

Operation ဒေသ၏ မှတ်မိသမျှ village tract လေးများ၏အမည်မှာ အလယ်သံကျော် ၊ ကျောက်ပန်းဒု၊ ရွှေဇား ၊ မောင်နီရွာ ၊ ကညင်တန်း ၊ ကာလီဇာဘန်းကာ ၊ ကညင်ချောင်း ၊ ရွှေဇားဂုံးနား ၊ တောင်ပြို ၊ ဗန္ဒုလ ၊ ငခူရ ၊ ကျိန်ချောင်း ၊ ဘဂုံးနား ၊ ဒါးပိန်စာရ ၊ ဂေါ်ဒူသာရ ၊ ပဒင်း ၊
ရေချမ်းပြင် ၊ ဒါးကြီးစား၊ နာမည်များမှာ အတော်လှသည်။

ပင်လယ်နှင့် နီးသော ရွာမှာတွင် ရေငံပုဇွန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အလယ်သံကျော် ကမ်းခြေမှာ ကျော်ကြားပြီး၊ အလယ်သံကျော်ကျေးရွာတွင် အရည်သောက် အုန်းသီးပေါသည်။ ငပိ ၊ ငါးခြောက် လုပ်ငန်းဖြင့် အသက်မွေးသူ များလည်း ရှိသည်။

နောက်မှ ဆက်ရေးပါဦးမည်။

No comments:

Post a Comment