ကျိုင်းတောင်း နှင့် ငှက်ဖျား
1990 စစ်တပ်မှအာဏာသိမ်းပြီးသည့်နောက်ပိုင်း ၁၀တန်းအောင်ပြီးခါစ လူငယ်များမှာ တက္ကသိုလ်ဖွင့်ရန် စောင့်ဆိုင်းရင်း အလုပ်လက်မဲ့  ပြသနာကို ရင်ဆိုင်ရသည်။ ကျောင်းဖွင့်ရန် မျှော်လင့်ချက် ရေးရေးမှ မမြင် ။ အထက်တန်း ကျောင်းများတော့ ပုံမှန်ဖွင့်သည်။ ၁၉၉၂ မတိုင်မီ ၁၀တန်းအောင်ပြီး သူများ အလုပ်အကိုင် ရရှိရန် အပူတပြင်း ရှာဖွေကြသည်။
သူ့ သူငယ်ချင်းတစ်ယောက် အဆက်အသွယ်ဖြင့် ဝေးလံခေါင်ဖျားသော ရှမ်းပြည်နယ် တောင်ပိုင်း တွင်အလုပ်ရသည်။ လစာငွေ ၇၅၀ကျပ် အပြင် ရွာလူထုမှ ထောက်ပံသော ဆန်ရသဖြင့် အခြေအနေမဆိုး ဟုတွေးကာ အဝေးပြေးကားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းသို့ ခရီးထွက်ခဲ့သည်။ အဝေးပြေးကားများမှာ ထိုင်စရာခုံ ရသော်လည်း ခြေထောက်ချစရာမရှိ ကုန်ထုတ်များ က နေရာယူထားသည်။ လမ်းခရီးက အလွန်ကြမ်းသည်။ ပျဉ်းမနားတွင် တညအိပ်ရသည်။
တောင်ကြီး အရောက်တွင် တာဝန်ကျရာ မြို့  သို့ သွားသော ကားလက်မှတ်စုံစမ်းရသည်။ တောင်ကြီးတွင် တည်းခိုခန်း ငှားကာ တညတာ တည်းရသည်။ အစစ အရာရာချိုးခြံ ရသော အချိန် သူဘာမျှအပုံမသုံး မှတ်မှတ်ရရ တောင်ကြီးက တည်းခိုခန်းတွင် ကုတင်ပေါ်က ပြုတ်ချခဲ့ ဖူးသည်။ မြန်မာစကားတစ်ခု သာတပ်သော သူအတွက် တောင်ကြီးသည် လည်း နိုင်ငံရပ်ခြားတစ်ခုလို ခံစားရသည်။
အိမ်ကသယ်ယူလာသော အနွေးထည် များက တောင်ကြီး ၏ အအေးဒါဏ် ကိုမကာကွယ်နိုင်။ သူ့  ခြေဖုနောင့် မှာအက်ကွဲကြောင်းများဖြင့် နွေအခါ ရေမရသည့်  လယ်ကွက်များနှင့် ဆင်ဆင်တူသည်။ ခြေလှမ်းတလှမ်း ဖိလှမ်းလိုက်တိုင်း သွေးများစီးကျ တော့မည့်အလား နာကျင်သည်။ ဘုရားအလောင်း ဇာတ်တော်ထဲက အဇာတသက်၏ ဖခင် အရှင်ဗိန္မသာရ မင်းကြီး ခံစားရတာကို မဆီမဆိုင် သတိရမိသည်။ ဓါတ်မီးတိုင်အောက်မှာ လှော်ရောင်းသော နေကြာစေ့စားချင်လွန်း၍ စုတ်ပြတ်နေသည့် ၅ကျပ်တန်ကိုကိုင်ကာ ၀ယ်စားခဲ့ဖူးသည်။
တောင်ကြီးမှ မိုးနဲ သို့ ခရီးစဉ်မှာ တနေကုန်သည်။ မိုင်းပွန်တွင် ခဏနားသော အခါ ထမင်းဆိုင်တွင် ထမင်းစားသည်။ လမ်းခရီးမှာ ဖုန်ထူလွန်းသဖြင့် သွားနေက ခရီးသည်များ မှာ ပုဝါ၊သဘက်များ ထုတ်၍ ပေါင်းကြသည်။ သူ့ မျက်နှာတပြင်လုံးဖုံများဖြင့်ဖွေးလျှက် သူ့ မျက်ခုံးမွေး များမှာလည်း ဖုံအတိ။ မိုးနဲ့ မြို့  နယ်အရောက်တွင် တည်းစရာ အငှားအိမ် အမြန်ရှာရသည်။ နောက် မြို့နယ်ပညာရေမှူး ရုံးသို့  ချီတက်ရသည်။ အဲဒီတုန်းက လာဘ်ပေးလာဘ်ယူ ခေတ်စားနေပြီ။ သူမှာ ပိုက်ဆံမရှိ၍ မြို့  နယ်ပညာရေးမှူး အားလာဘ်မထိုးနိုင်။ အလုပ်အတွက် ဆက်သွယ်ပေးသော သူငယ်ချင်းကို အားနာပေမဲ့  သူ့ မှာ ငွေလုံးဝမရှိ ထို့ ကြောင့်ထုံးစံအတိုင်း လာဘ်မထိုးနိုင်သူ မျက်နှာမွဲ ဆရာ၊ ဆရာမ လောင်းများ ကျိုင်းတောင်း သွားရတော့သည်။
ကျိုင်းတောင်း ဆိုတာ double black area လို့ သူငယ်ချင်း ပြောဘူးသည်။ လှည်းပေါ်မှာ ၀န်စည်စလွယ်များတင် ပြီးလူက လမ်းလျှောက်ရသည်။ သူတို့ ကျောင်းဆရာ၊ ဆရာမလောင်းများ အပြင် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ များလည်း ပါသည်။ ကျိုင်းတောင်း ဒေသမှ လူများကို မှတ်ပုံတင် လုပ်ပေးရန်ဖြစ်သည်။ အမှတ် ၂၄၈ စစ်တပ်မှ မယက ဥက္ကဌ ဗိုလ်ကြီးနှင့် ၄င်း၏တပ်စိတ်က ရှေ့ မှ လုံခြုံရေးလိုက်သည်။ ၂ညအိပ် ၃ရက်တိတိ လမ်းလျှောက်ပြီးနောက် သူတို့ အဖွဲ့ ကျိုင်းတောင်း ဒေသ သည်။ တထောက်နားတိုင်း ထမင်းချက်စု ချက်စားကြသည်။ ညဘက်အိပ်လျှင်လည်း လှည်းအောက်တွင် အိပ်ရသည်။ ငှက်ဖျားကို ကြောက်သည် ဧရာမ တောခြင်ကြီးများ က ရက်ရက်စက်စက် ကိုက်သည်။ ၂၄၈ တပ်စိပ် အပြန်လမ်းတွင် ချုံခို တိုက်ခိုက်ခံရသည်။ စစ်တပ်ဘက်မှ အကျအဆုံးရှိသည် ဟုကြားရသည်။
ကျိုင်းတောင်းမှာ စာသင်ရတာပျော်သည်။ ကျောင်းသူ၊ကျောင်းသား အများစုမှာ မြန်မာစကားမတတ်။ သင်္ချာနှင့် အင်္ဂလိပ်စာ မှာ သင်ရလွယ်ကူသော်လည်း၊ မြန်မာ စာသင်ရတာ တော်တော်ခက်သည်။ သူသင် သည် အတန်းမှာ ပထမတန်းဖြစ်သည်။ ကျောင်းမသွားမီ အိမ်ရှင်အဖွား ဆီမှာ ရှမ်းစကားနည်းနည်းသင် သွားရသည်။ အိမ်ရှင်အဖွားကလည်း မြန်မာစကားနားမလည်။ အင်္ဂလိပ်လို လူခန္ဒာကိုယ် အစိတ်အပိုင်း များကို သင်ရာတွင် မြန်မာလို ရှမ်းလို နှင့် အင်္ဂလိပ်လို ခေါ်သောအသံထွက် အပြင် ဘယ်လို စာလုံးပေါင်းကြောင်း တစ်ခုချင်းတင်ရသည်။ များသောအားဖြင့် body language ဖြင့် eye, nose, arm, mouth ဒါက အခက်အခဲမရှိ knee ဒူးခေါင်းကို သင်တော့ ကလေးတွေတအားရီ ကြသည်။ သူလဲ ထိုနေ့  ကတော်တော်ပျော်သည်။
သူ့ လခက တော်တော်နည်းသဖြင့် အသား၊ငါး တပတ်တခါသာချက်ဖြစ်သည်။ ဈေးနေ့ ရောက်လျှင် အများဆုံးဝယ်ဖြစ်တာက ပဲလိပ်ပြာ၊ နှင့် အမဲသား၊ တခါတလေ မှန်ကူသီး အချဉ်သုတ်၊ နှမ်းဖတ်ချဉ်၊ ကောက်ညှင်း ပေါင်းနှင့် ဘူးသီးကြော် တို့ ဝယ်စားဖြစ်သည်။ ဘုံရေချိုးသည့်  နေရာမှာ ရေချိုးရသည်။ အရပ်သားတွေ ယိုးဒယားဖြစ်ဆပ်ပြာ မွှေးမွှေး သုံးနေချိန်တွင် သူမှာအိမ်က ထည့်ပေးလိုက်သည့်  ကာဘော်လစ်ဆပ်ပြာလေးနှင့် ရေချိုး၊ ရွှေဝါးဆပ်ပြာနှင့် အ၀တ်လျှော် ရသည်။ အရပ်သားတွေ ဆင်ကြယ်တံဆိပ်ဖိနပ်ဖြူသန့် သန့် လေးတွေစီးနေချိန် သူမှာ ဖိနပ်စုတ်နှင့် ။ တက္ကသိုလ် ကျောင်းတွေအမြန်ဖွင့်လျှင် ဒီအလုပ်မှထွက်ကာ ကျောင်းတက်မည်။ အိမ်ပြန်လျှင်ငွေနည်းနည်းစုပြီး အိမ်ကို ပေးမည်။ သူ့ စိတ်ထဲမှာ နွေရာသီ ကြို ရောင်း ရမည့် လခငွေ လေးများကို နေ့ တိုင်း တွက်နေမိသည်။
သူတို့ နှင့် အတူတူလာသော ယောမြို့ နယ်နှင့် ဆောမြို့ နယ်မှ ဆရာ၊ဆရာမ များ ငှက်ဖျားစဖြစ်ကုန်ပြီး သူတို့ မန်ကျီးသီးစိမ်းထောင်းစားကြသဖြင့် ဖျားသည်တဲ့ ။ သူထင်တာက သူလို့ ဘဲ အဟာရ ပြည့်ဝစွာမစား နိုင်သဖြင့် ဖျားတာဖြစ်မည်။ သူ မဖျားချင်၊ ဖျားမှာကို အရမ်းကြောက်သည်။ ငှက်ဖျားဖြစ်လို့  အိမ်မပြန်နိုင်မှာ အရမ်းကြောက်သည်။
တနေ့ ညနေဘက်ကြီး သူချမ်းပြီးတုန်တက်သည်။ သူ့ ကိုယ်သူ ငှက်ဖျားလို့ လက်မခံ နိုင်သေး။ ရေနွေးကြမ်းပူပူတည်သောက်သည်။ မရ တအားချမ်းပြီး အသားတွေ တဆတ်ဆတ်တုန်ကာ ဗိုက်ထဲက အရမ်းချမ်းလာသည်။ အတူနေ ဆရာ၊ဆရာမများက ကျမ္မာရေးမှူး ပင့်ကာ ငှက်ဖျားဆေးစတိုက်သည်။ ခါးလိုက်တာမှ အူထဲက အန်ထွက်ချင်သည်။ နောက်ပိုင်းမကြာခဏ ဆိုသလို သူဖျားသည်။ သူစိတ်တွေ မမှန်ချင်တော့ ။ အိပ်ရာထဲ ခိုးခိုးငိုမိတာကလဲ ခဏ ခဏ။ စောင်ခြုံကြီးနှင့် ကျောင်းကိုသွားပြီး စာသေချာမသင်နိုင် နေစာလှုံက အချမ်းဒဏ်ကို ကုစားရသည်။ အိမ်တွင်ရှိသောစောင်များမှာလည်းမနွေး။ ထိုစဉ်က သူ့ အသက် က ၁၉နှစ် မပြည့်သေး သူ့ ကို လုပ်ဖေါ်ကိုင်ဖက်များ အားလုံးက သနားကြသည်။
နောက်ဆုံး သတိမရတချက် ရတချက် ဖြစ်လာသောအခါ ကျောင်းအုပ်ဆရာကြီး နှင့် နယ်ခံ ဆရာ၊ဆရာမ များ အစီအစဉ်ဖြင့် သူမိုးနဲ မြို့  သို့ သွားရန် ပေါင်းမိုး လှည်း စီစဉ်ပေးသည်။ လှည်းပေါ်မှာ သူနှင့် လှည်းမောင်းသမား ရှမ်းအဖိုးကြီးသာရှိသည်။ ၃ညအိပ်ခရီးကို ၂ညနဲ့ ဒုန်းဆိုင်းမောင်းသည်။ သူ့ မှာ သတိမရတချက် ရတချက်။ သတိဝင်သောအချိန်တွင် သူခဏခဏ ရေရွတ်မိသည်က “ငါမသေဘူး။ ငါ့  အိမ်ကိုမရောက်မချင်း၊ ငါမသေဘူး။ သေစရာရှိရင် အိမ်သားတွေဆီမှာဘဲ သေမယ်။“ မိမိကိုယ်ကို အားပေးသည်။ မိုးနဲ မြို့ ပေါ်ရောက်တော့ ဆေးရုံရှိရာ တောင်ကုန်းပေါ် သူမတက်နိုင် ။ လူဆွဲသည့် ပစ္စည်းသည် လှည်းပေါ်မှာ သူ့ ကိုတင်ကာ ဆေးရုံတက်ခဲ့ ရသည်။ သူမသေခဲ့ ။ သို့ သော် သူဘ၀ ငှက်ဖျားဒဏ်ကြောင့်မလှတော့ ။ သူ့ မျက်လုံးများမှာ အရောင်မပီပြင်တော့ ။ သူ့ အသားအရေ မှာ ၀ါညစ်ညစ်ဖြင့် ။ သူစိတ်က အိမ်ကိုသာရောက်နေသည်။ ၁၀တန်းတုန်းက သင်ခဲ့ ရသည့်  the slave dream ကဗျာ ကိုမကြာခဏရွတ်နေမိသည်။ သူငယ်ချင်းများက နွေရာသီ ကြို တင်လခ ရောင်းရန် စပ်ပေးသည်။ မတန်တဆဈေးဖြင့် ရောင်းပြီး ကားလတ်မှတ်ဖြတ်ကာ အိမ်ပြန်ခဲ့သည်။ လမ်းခရီးတွင် ကားဆောင့်သဖြင့် သူ့ ဖင်ညှောင်ရိုးမှ မီးပွင့်မလားထင်ရသည်။ ငှက်ဖျားက ရှင်းရှင်းမပျောက်သေး။ သို့ သော် သူ အိမ်အရာက်ပြန်ခဲ့သည်။ အိမ်ကိုရောက်တော့ နွေရာသီ လခငွေများကို အိမ်သားများအား အပ်ရင်း အသက်နှင့်ရင်းပြီး ရခဲ့သော သူငွေများကို ကြည့်ခါ အရမ်းဝမ်းနည်း မိသည်။ တက္ကသိုလ်တွေမြန်မြန်ပြန်ဖွင့်ပါစေ။ ခေတ်ဆိုး စနစ်ဆိုးကြီးမှ အမြန်လွတ်မြောက်ပါစေလို့  အခါခါဆုတောင်းမိသည်။
ဆက်ရေးပါဦးမည်။
No comments:
Post a Comment