Thursday, 23 April 2009

(22)ကိုကြီးကျော် ၊ ပခန်းကျော် ၊ ဦးမင်းကျော် ၊ ဖေဖေကျော်

ကျမတို့ မိသားစုဝင်များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များ ဖြစ်ကြသဖြင့် နတ်ကိုးကွယ်ယုံကြည်မှု မရှိပါ။ သို့ သော် လူကြီးသူမများ ၏ဆို ဆုံးမမှုကြောင့် အိမ်နီးချင်းတို့  ကိုးကွယ်သော (၃၇)မင်းနတ်တို့ သည်လည်း ကျမတို့ မေတ္တာပို့ ရာမှာပါဝင်သည်။ (၃၇)မင်း နှင့် ကျမတို့ တော်တော်ခင်မင်ရင်းနှီး ခဲ့ဖူးပါသည်။ မဖွယ်မရာပြောခြင်းမဟုတ်ပါ။ ကျမတို့ နေထိုင်ခဲသော ပေတရာတောင်ပိုင်း တွင် အိမ်ရှေ့ က နတ်ကနားစီး ဒေါ် xxx အိမ်၊ အိမ်နောက် က နတ်ထိန်း ဦး xx နှင့် ဇနီး နတ်ကတော် ဒေါ် xx တို့ အိမ်၊ အိမ်ဘေးကတော့ တခါတလေစီးပွားရေးအတွက် ထိုင်ကနားပေးသော မိသားစုများ ငှါးနေသည့် အိမ်တန်းရားတို့ ဖြစ်ပါသည်။

မှော်ဘီမှာ နွေဦးရာသီများတွင် နတ်ကနားပွဲများ နေရာတိုင်းလိုလို ခြိမ့်ခြိမ့်သဲ ကျင်းပကြသည် ။ အရှင်သခင်များ ကို လာဘ်လာဘ ပေါများရန်၊ ကာကွယ်စောင့်ရှောက်ရန် ကနားပေးကာ ကျင်းပသည် (နတ်ချော့) သည် လို့ လဲဆို ကြပါသည်။ အိမ်ရှေ့ အိမ်က ကနားစည်း အိမ်ဖြစ်သဖြင့် နတ်ကတော်များ၊ နတ်ထိန်းများ အများစု နယ် show မထွက်ခင် စုစီးရာ နေရာကလေးဖြစ်သည့် အပြင် ထိုကနားစီး ၏ အိမ်သည် ၃၇ မင်းနတ်ရုပ်များ ယာယီတည်းခိုစံမြန်းရာနေရာဖြစ်ပါသည်။

ပိုးပုဝါ၊ဖဲပုဝါ၊ ပုဝါရောင်ရုံများ ၊ ၇င်စီးရောင်စုံများနှင့် ရွှေရောင်ငွေရောင် တလက်လက် တောက်ပြောင်နေသော အရှင်ကြီး၊ အရှင်လေးများ
အရှင်သခင်မများ နှင့် အရှင်သခင်မငယ်ငယ်လေး တို့ ၏ ရုပ်ပုံပန်းပုမှာ ကနားစည်း၏ အိမ်တွင် ထည်ထည်ဝါ၀ါရှိလှသည်။ ကနားစီး အသက်အရွယ်မှာ ကျမမိခင်နှင့်မတိမ်းမယိမ်း သို့ သော် အရွယ်တင်လွန်းလှသည်။ နတ်ကလျှင် ပုဝါအလှဆုံးကို ရင်ဘတ်နှင့် ခေါင်းတွင်စီးလျှက် ပန်းပေါင်းစုံ ကိုလည်တွင်ဆွဲ ကာ ဒါးရှည်ကိုမကာမကာ ကသော သူမ၏အလှက တော်တော်ကိုဖမ်းစားသည်။

နတ်ပွဲကိုများသောအားဖြင့် ၃ရက်ကျင်းပလေ့ရှိပြီး။ ညဘက် ၁၀နာရီမထိုးခင် ကောင်စီအမိန့် အရ ပွဲသိမ်းရသည်။ တခါတရံ ၃ရက်သာ ကုန်သွားသည် ၃၇မင်း နတ်ကမပြည့်သေး။ ကောင်စီကို တောင်းပန် ကား အပြီးမခြင်း တစ်နတ်ဝင်တစ်နတ်ထွက် အမြန်နှုံးနှင့် နောက်ဆုံးနေတွင် ကရသည်။ တခါတလေ အချိန်က နှောင်းနေပြီ နတ်က မထွက်နိုင်သေး။ ဆိုင်းဆရာများမှာ နတ်သံပါပါနှင့် "စံပျော်ရာနတ်နန်းသို့ ပြန်ကြွတော်မူပါ အဖ xxx ဘုရားဆိုပြီး " တောင်းပန်ရသည်။ နတ်တွေလဲ ကောင်စီကပေးထားတဲ့ stay လွန်လို့ မရ။ ကောင်စီကိုပါ အ၀တိုက်ပြီးစည်းရုံးထားလျှင်တော့ နည်းနည်း overtime ဆွဲလို့ ရသည်။

၃၇ မင်းနှင့်ကျမအကြောင်း
ကျမသည် နတ်အကြောင်း ရေရေရာရာမသိသော်လည်း နတ်ဆိုင်းသံကြားလျှင် မနေနိုင် ထမိန်ကို စွန်တောင်ဆွဲ လျှက်ခုန်ကာ ခုန်ကာ ကမိသည်။ နတ်သီချင်းများကိုလဲ လိုက်ဆိုသည်။ အိမ်ကမကြိုက် ။ အိမ်ပေါ်ကနှင်ချလျှင် အိမ်အောက်မြေကြီး၌ ဖျာစုတ်ခင်းကာ ကသည်။
ယနေ့ အထိနှုတ်တိုက်ရသော နတ်ချော့သီချင်းအပိုင်းအစလေးများမှာ
- ဖေဖေကျော် အရက်ပုလင်းပိုက်လို့ မြင်းကို စီးကာလာပြီလေ။
- ဖေကြီးကျော် ကိုချစ်လိုက်ပါတဲ့ မောင်းမတို့ ရေ။
- ဖေဖေကျော်လာတဲ့ လမ်းဆီးကြိုကြစမ်း

- ကိုးမြို့ ရှင်နတ်။ ခရိုင်တရိုး အသရေတိုးပါတဲ့ အဖကိုးမြို့ ရှင်ဘုရား။
- ရွှေလိုချင်ရင်ဒါးကို သွေးပါ ငွေလိုချင်ရင် ဒါးကိုသွေးပါသွေးပါ။
- ကျွဲ ပျောက်ရင်လဲမေးပါ မေးပါ၊ နွားပျောက်ရင်လဲ မေးပါမေးပါ။ ဒါက တလိုင်းနတ်လိုထင်သည်။
- ကိုအောင်နိုင်ဘယ်မှာ ရှိတယ်။ နတ်ကလေးအောင်နိုင်ဘယ်မှာရှိတယ်။

ပြီးရင်
ကုလားသီးချင်း disco dancer နဲ့ ကတဲ့ ချွဲလဲချွဲတဲ့ မနှဲလေးအက။ တခါတလေသူ က ပုဇွန်ဆိတ်ကလေးဘယ်လိုငယ် ပင်လည်ကူတတ်တယ်နဲ့ လဲ ကသည်။ သူမကို ကျောက်နှင်းဆီပန်းနီရဲရဲလေးနှင့် ဘဲဥ ကိုဆက်ကြသည်။ သူကတခါတလေ ချွဲပြီး ချွေကိုကိုကြီး၊ ချွေမမကြီး လို့ ဆိုတတ်သည်။ အသက်ကြီးကြီးနတ်ဝင်သည်တွေက ချွဲချွဲလေးပြောရင် ကြိတ်ပြီး တခွီးခွီင်္း ရယ်မိသည်။

နောက်
ကျိုက်ထီးရိုးဇာတ်ဆန်ဆန်သီးချင်းနှင့်က သည့် နတ် ကရင်လို အမိုးတွေ ဖာထီးတွေလဲပါသည်။

မြူးမြူးကြွကြွ ကလို့ ကောင်းတာကတော့ ကိုကြီးကျော် အကဖြစ်ပါသည်။ ကျားနတ် ကတော့ကြည့်လို့ ကောင်းသည်။ အုန်းသီးကိုကိုက်ကာခွဲသည်ကအံမခန်း။ ကျားနတ်ကငှက်ပျောသီးအမှည့်တွေ ပရိတ်သတ်ထဲ ကိုပစ်ပေးရာ ကျမတို့ ကလေးတွေ မိအောင်ဖမ်းကြသည်။

ရှမ်းဒါးသိုင်းနဲ့ ကတာကတော့ ရှမ်းပြည်ကနတ်တခုခုဖြစ်မည်။ ရှုတိုင်းသာစွ ရာမညတိုင်းဌာနီဆိုတော့ မွန်တလိုင်းနတ်လားမသိ။

နတ်ဒိုးတီးလျှင် ရင်ထဲကနေ တဂျိမ်းဂျိမ်းမည်သည်။ ငယ်စဉ်ကနေ ခုထိ နတ်ဆိုင်းသံကြားလျှင် ကချင်သည်ကတားမရ။ ကို့ ရဲ လျှိုဝှက် ချက်ကို ဘယ်သူမှမသိ ။(ဟိဟိ အိမ်သားတွေကလွဲ ရင်) အိမ်ပေါ်ကမောင်းချခံရတာကလဲ မကြာခဏ၊ နတ်ပွဲ ရှိလျှင် နေမြန်မြန်မှောင် အောင်ဆုတောင်းရတာကအမော။ ခုန်မကလျှင်လဲ ဒီက ခြေကလေးလှုပ်၊ လက်ကလေးချိုးလောက် လုပ်ဖြစ်အောင်လုပ်တာမို့  အမတွေနဲ့ အမေက မကြည် အိနြေ္ဒ သံပတ်တလားမရှိ နန့် ကျောစိန် လို့ အခေါ်ခံရမည်။

အိမ်ဘေး ခြံကွက်ထဲမှာ ညနေ၀င်ရီတရော ချွေးဒီးဒီး ကျအောင် ကပြီး ခုန်ပြီး ရေမိုးချိုးပြီး
အိပ်ရာဝင်ရသည်က အင်မတန်ကောင်း။

ပွဲသိမ်းပြီးနောက်ဆုံးကသည် အမဲသားစားသည့်နတ် (နတ်အမည်က မဖဲဝါ လား သင်္ချိုင်းစောင့်နတ်လား) မသိ သိပ်စိတ်ဝင်စားဖို့ ကောင်းသည်။ အဲဒီအချိန်ဆို အိမ်မှမရ ရအောင်ခိုးထွက်ပြီးသွားကြည့် ရတာအမော။ အမဲသားအစိမ်းကို ကိုက်ဖဲ့စားပြီး ရခိုင် ငှက်ပျောသီးများ ဖြင့်မျှောချကာ နတ်ကနားစင်ကို ဒါးနှင့်စတိခုတ်ပြီး ခေါစာပြစ်သည်။ ခေါစာပြစ်သည် ကလည်း ကြောက်စရာ ဆန်ကောဝိုင်းထဲ အစားအသောက်ထည့်ကာ နတ်ကတော်က ၄င်း ဆန်ကောကိုခေါင်းတွင်သယ် ကာ ဒါးမိုးလျှက် ရွှာစွန်မှာသွာပြစ် သည်ဟုဆိုသည်။ ဒါကတော့ကြောက်စရာ။

နတ်ကတော်များနှင့် တော့တော်တော် ရီရသည်။ ကျောင်းဆင်းဆင်းချင်းအိမ်သို့ တန်းမပြန် နတ်ကနားပွဲကို ၀င်ငန်းလိုက်ရမှ ကျေနပ်သည်။ တခါတရံ အိမ်ရှေ့ ကနားစီးအိမ်မှာ စတည်းချသော ကိုကိုခေါ်မလား၊မမခေါ်မလား အလှဖန်တီးရှင်များ ကို လည်းနတ်ပွဲတွင် မျက်တောင်တုကြီးများ ။ ဖင်တုရင်တုများဖြင့်တွေ့ ရတတ်သည်။ ပြင်တတ်ဆင်တတ်ကျပုံ များ ကွန်းထောင်ကိုင် မမ များပင်အောချလောက်သည်။

အိမ်နီးနားချင်တွေမို့  မိဘများနှင့်ခင်မင်ရင်းစွဲရှိသည် မို့ နတ်ကနားပွဲမှာ ဘရုတ်သုတ်ခ မလုပ်ရဲ။ ကြည့်ဖို့ တောင်ခက်ခက်ခဲခဲ ခိုးထွက်ရတာ ပြန်တိုင်မှ အခက်မဟုတ်လား။

အိမ်နောက်အိမ်က နတ်ထိန်း ဦး xxနှင့် နတ်ကတော် ဒေါ် xx ကတော့ ကြိတ်ဝိုင်းအလုပ်များသည်။ ထိုင်ကနားခေါ်မလားမသိ။ သူတို့ ၂ဦးကတော့ နတ်အပြင် အင်းအိုင်၊ ခလှဲ၊ လက်ဖွဲ တွေပါ အယုံအကြည်ရှိသည်။ ဒေါ် xx ၏ ကျောပြင်၊ လက်မောင်း၊ နှင့်လက်ဖျံတို့ တွင် အင်းစာများ၊ ရုပ်ပုံများ၊ ရှုပ်ရှက်ခတ်နေသည်။ သူတို့ အိမ်မှာ ဖဲဝိုင်းလည်းလုပ်တတ်သည်။ အဲဒီအချိန်တုန်းကဖဲဝိုင်းဆိုလျှင် ကောင်စီ ၀င်ဝင် ဖမ်းတတ်သည်။ ကောင်စီ လူကြီးများကိုမြင်လျှင်ချက်ခြင်း ဖဲထုတ်ကို အမြန်သိမ်းကာ တကိုယ်လုံး တုန်လှုပ်ကာ နတ်ဝင် ပူး လေတော့သည်။

ကိုကြီးကျော်နှင့် ကျမ၏ဖခင်

ကျမ၏ဖခင်သည် နတ်ကိုးကွယ်မှုကို ဆန့် ကျင်သူတဦးဖြစ်ပါသည်။ ကျမတို့ အိမ်တွင် နတ်အုန်းမရှိပါ။ ရပ်ကွက်အသစ်ပြောင်းပြီးကာမှ အဖွားဆန္ဒ အရ အုန်းဆွဲသည်ကို လက်ခံထားသော်လည်း ယောက်ခမ စိတ်မချမ်းသာမည် စိုးသဖြင့် မပြော။ သို့သော် သဘော မတွေ့ ချေ။ အိမ်နီးနားချင်း (နတ်ဆွေမျိုးများ) နှင့် လည်း တအားအရောတ၀င်မရှိပါ။ သို့ သော် ခင်ခင်မင်မင်နှုတ်ဆက် လေ့ရှိသည်။ ကျမ၏ဖခင်သည် အမြဲ အလုပ်များနေသူဖြစ်ပါသည်။ တနေ့ အိမ်နောက်အိမ်မှ ဦး xx နှင့် ဇနီး ဒေါ် xx မှ ကျမ၏ဖခင်အား အလည်လာရန် ဖိတ်ပါသည်။ သူတို့ အိမ်တွင် ကနားလုပ်မည်ဟုထင်ပါသည်။
ထိုနေ့ က ကျမဖခင်သူတို့ အိမ်သို့ အလည်အပတ်သွားခဲ့ ပါသည်။ ကျမတို့ မရဲတရဲမေးသောအခါ ဖခင်က
'' ကို xx တို့ က နတ်ဝင်ရင်းနဲ့ ငါကိုလဲ အရက်တိုက်တယ်။ ငါကလဲ ကဲ ကိုကြီးကျော်နဲ့ ညီလေးနဲ့ ပြိုင်သောက်ကြရအောင် လို့ ပြောတယ်။''

"တစ်ပုလင်းပြီး တပုလင်းဖွင့်သောက်လိုက်ကြတာ နတ်ထိန်းကြီးနဲ့ နတ်ကတော် ကြီးတို့  မျက်လုံးတောင်မဖွင့် နိုင်အောင်မူးသွားတယ်။ ဒါနဲ့ ငါလဲ ကိုကြီးကျော်တော့ မူးမမူးမသိဘူး ။ ညီဘွားတော့မူးပြီ ။ အိမ်ပြန်ပြီးအိပ်တော့မယ် " ဆိုပြီး ပြန်လာခဲ့တာဘဲကွ လို ပြောသည်။ တတ်လဲ တတ်နိုင်သည့် ကျမတို့ ၏ဖခင်။ သားသမီးတွေမေးတော့ ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပြခဲ့ သည်။

နတ်နှင့် ကျမတို့ ၏ သင်္ချာဆရာ

ကျမတို့ ရတန်းတက်သော အခါ စာအသင်အတော်ဆုံး သင်္ချာဆရာ တစ်ဦးက ဂျီသြမေတြီ (သင်္ချာ ၂) ကိုသင်ပါသည်။ သူက အရိုက်ကြမ်းသည်။ စေတနာပါသဖြင့် ကျောင်းသားအများစုက ချစ်ကြောက် ရိုသေကြသည်။ သူဟာသပြောလျှင် အင်မတန်ရီရသည် သို့ သော်သူကိုယ်တိုင်က ၀င်မရီ။ သူကလည်းနတ်ဆန့် ကျင်ရေးသမားဖြစ်သည်။ တခါတလေ သူပြောသည့် နတ်လုတ်လိမ့်မည် ဆိုသည့် စကားက တော်တော် တာသွားသည်။


ဘာဘဲပြောပြော နတ်ကခြင်းကို ကျမကတော့ entertainment တစ်ခုအဖြစ်လက်ခံသည်။ ကိုးကွယ်ယုံကြည်မှု ကိုတော့မစော်ကားပါ။ ကျမအား ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းတချို့ က သူတို့ ဘာသာအကြောင်းပြောလျှင်လဲ ကျမ jesus christ ကို phlosopher တယောက်အနေနှင့် လေးစားသည့်လို့ ပြန်ပြောခဲ့ဖူးပါသည်။ ကျမ၏ အရိုးထဲတွင် ငယ်စဉ်ကတည်း က ဗုဒ္ဓဘာသာ ကို နှစ်ချိုက်စွာလက်ခံ ထားပြီးမို့ ။ တခြားဘာသာများအား မကိုးကွယ်သော်လည်းလေးစားပါသည်။ ယခု (၃၇) မင်းနှင့် ကျမ၏ ကျင်လည်ရာပတ်ဝန်းကျင်လေးအကြောင်းကို အလွမ်းပြေရေးမိပါသည် ။ ကိုးကွယ်ယုံကြည်သူများအား offensive ဖြစ်စေလိုသောဆန္ဒ နှင့် ရေးခြင်းမဟုတ်ပါ။

ကျမမြန်မာပြည်ကို အပြီးပြန်သော တနေ့ တွင် တခါလောက်မဖြစ်ဖြစ်အောင် နတ်ကနားထဲ ကဖူးသည်ရှိအောင် ၀င်ကပါဦးမည်။
ယခင်တုန်း က တစ်ခါပူးလျှင် ၅ကျပ်တမတ် (၅ကျပ် ၂၅ပြား) လာဘ်တင်ရသည်။ ပိုက်ဆံကလေးကို ပန်းကန်ပြားပေါ်တင်၊ ရင်ဘတ်နှင့်ခေါင်းတွင် ပုဝါလှလှလေးစီး၊ မျက်လုံးများဇုံမှိတ်ကာ ဆိုင်းသံအတိုင်း သပြေပန်းခက်ကလေးကိုင်ကာကိုင်ကာဖြင့် ကျမကချင်ပါသည်။ ယခုလောက်ဆိုလျှင် လာဘ်တင်ခ ဈေးတက်နေလောက်ပြီ။။

No comments:

Post a Comment