Sunday 24 May 2009

(39) ဂတုံးမ ဒေ၀ီ နှင့် ၀က်သက် ပေါက်ခြင်း

ပထမဆုံး ကျမအထက်က အမ နှင့် ညီမလေး တို့ ၂ယောက် ၀က်သက် ပေါက်သည်။ အိမ်မှာ ဖျားလျှင် မိဘဂရုစိုက်တာ အရမ်းခံရသည်။ ဖျားလျှင် တော်ရုံဂျီကျ ရုံနှင့် အဆူမခံရ။ လွတ်ငြိမ်းချမ်းသာခွင့် ရှိသည်။ သူတို့ ၂ယောက်ဖျားတော့ ကျမလဲ ဖျားချင်သည်။ ဒါမှ ပူဆာချင်တာ ပူဆာ ဂျီကျ ခွင့် ပါမစ်လဲ ရ။ သူတို့ ၂ယောက် ၀က်သက် ပျောက်တော့ အိမ်က သူတို့ ၂ ယောက်ကို ဂတုံးတုန်းပေးသည်။ စလို့ ကောင်းမှကောင်း အမေချုပ်ပေးသည့်  စပ်ထမိန် ကလေးကိုဝတ်ခါ "အောင်မလေး မချွေ ဂတုံးရယ်" ဆိုပြီး ဂတုံးပြောင် လေးတွေကို တဖြတ်ဖြတ် ရိုက်ကာ ကျီစယ် ခဲ့သည်။

သိပ်များမကြာမီ ကျမလဲ ၀က်သက် ကူးပါတော့သည်။ အဖျားကြီးလွန်းသည်။ စစ်ခြင်ထောင်စိမ်းစိမ်း ထဲမှာ အိပ်နေရင်း ခြင်ထောင်အမိုးပေါ်မှာ တိမ်တိုက်တွေ လွင့်မျော နေပုံတွေမြင်ရသည်။ ဂျီကျဖို့ ကလဲ အားကမရှိ ကျမ ၏ ဖခင်
ဝယ်တိုက်နေကျ (green soda) ကို လဲ မက်မက်စက်စက် မသောက်နိုင် ။ ခါတိုင်း (green soda) သောက်ချင်လျှင် ချွဲရသည်။ ဂျီတိုက်ရသည်။ ဖျားမှ အခွင့်ထူးခံကာ ပူဆာပြီးသောက်ရသည်။ ၀က်သက် ပေါက်တော့ အဖျားရှိန်ကြောင့် ခဏခဏ မှိန်းနေရသည်။ ထမင်းလဲမစားရ ။ ငြုပ်ကောင်း ခပ်ထားသည့်  ဆန်ပြုတ် ခပ်ပျော့ပျော့ မသောက်ချင်တော့၊ လေစိမ်းတိုက် မခံနိုင်သဖြင့် ခြင်ထောင်ထဲမှာ သာနေရသည်။ အားငယ်သည်။ အလုပ်များနေသော မိဘများ ခြင်ထောင်ကို မကာ အဖျားစမ်းမည်ကို မျှော်မိသည်။ မျက်နှာမှာ နီမြန်း မို့ အမ်းနေပြီး မိတ်ပေါက်သလို အဖုအစက်ကြမ်းများထွက်သည်။ အညှော်လဲမခံနိုင်။ အကိုယ်လုံး ညောင်းကိုက်နေသည်။

ကျမ အမနဲ့  ညီမတို့  မရွှေဂတုံး ၂ယောက် ကတော့ နာလံထပြီး စ ကစားနေကြပြီ။ ကျမ မှာသာ ခြင်ထောင်ထဲက မထွက်နိုင်သေး။ သူတို့ လို ဂတုံးမတုံးချင်။ အစခံရမှာကြောက်သည်။ အိမ်ရှေ့ အိမ်တန်းတွေမှာ နေသည့် ဒေါ်ချော ၏သား ရဲမြင့် ကိုကြောက်သည်။ ဒီကောင်ကအစကြမ်းသည်။ သူက ကလေးဗိုလ်။ ဟိုဘက်လမ်ထိပ်က မြင့်မြင့်လှိုင်မောင်လေး လဲ ရဲမြင့်လို အစအနောက်သန်သည်။ ကျောင်းနောက်ဘက်မှာ နေသည့် ဦးကျောက်ခဲ ၏သား မျက်လုံးပြူးပြူးနဲ ကောင် ရယ်၊ ငရဲမြင့်ရယ်၊ မြင့်မြင့်လှိုင်မောင်လေးရယ် ဒီကောင်တွေကို ငယ်ကြောက် သူတို့ အစခံ ရလို့ ကတော့ တော်တော် အရှက်ကွဲမည်။ ဂတုံးတုန်း ရလျှင်လဲ ဒင်းတို့ မမြင်အောင် ဦးထုတ် လှလှလေး အိမ်ကို ပူဆာရမည်။ ဦးထုတ်မတွေ့ မချင်း ဂတုံးမတုံး။ အဖေမှော်ဘီဈေးသွားလျှင် ဦးထုတ်ဝယ်ပေး အောင် အရေးဆိုသည်။ နောက်ရက်တွေ မှာ နေကောင်းတော့ ဦးထုတ်အနီရောင်လေး ဆောင်းပြီး အပြင်မှာ ထွက်ကစားသည်။ ဒေါ်ချောသား ငရဲမြင့်တို့  စသဖြင့် ငိုပြီးပြေးခဲ့ ရဖူးသည်။

''ဂတုံးမဒေ၀ီ၊ ဗုန်းကျလို့ သေပြီ။ ဂတုံးမ --င်ပြဲ ၊ စက်တင်းဂန်းနဲ့ ဆွဲ ''
ဖတ်လို့ နည်းနည်းရိုင်းသွားလျှင်သည်းခံပါ၊ ကျမငို ပြီးပြေးခဲ့ ရဖူးပါသည်။

No comments:

Post a Comment