Sunday 21 June 2009

(45) ငယ်ဖေါ်များ

မှော်ဘီ ဆပ်သွားတော အမက ကျောင်းလေးမှာ ကျောင်းအပ်တော့ ကျောင်းအုပ်ဆရာမကြီး နော်မှတ်ချစ် က အသက်၎နှစ်ခွဲ ကျော်သွားပြီး ၅နှစ်ပြည့် ရန် လိုတဲ့ကျမကို စမ်းသပ်မှု့ အဖြစ် နားရွက်ကျော်ကိုင် ခိုင်းတယ်။ ဘယ်နားရွက် ကို ညာလက်နဲ့ ခေါင်းပေါ်ကကျော်ကိုင် နိုင်ပြီး ကကြီးခခွေး နဲ့ တစ်နှစ်သုံးလေး ဆိုပြတော့ သူငယ်တန်းပေးတက်ပါတယ်။ ကျောင်းစိမ်းဝတ်ပြီး ထမင်းစားကျောင်းဆင်း အိမ်အပြန်။ အိမ်နောက်က မီးဖိုချောင်း ထမင်းစားပွဲလေးမှာ ထိုင်ပြီး အမတွေလို ကျောင်းသူဖြစ်ပြီလို့  တွေးရင်း ကျိတ်ပြုံးမိတာ ခုထိမှတ်မိတယ်။

သူငယ်တန်းတုန်းက သူငယ်ချင်းနာမည်က မမိုးဝါ သူက ၉၁တပ်ကဘဲ သူရော ကျမပါ လူကောင် သေးသေးညှပ်ညှပ်တွေမို့  လူကောင်ထွားတဲ့  ကျောင်းသူမတွေ ကဗိုလ်ကျချင်တယ်။ အမရှိတဲ့ ဒုတိယတန်းအခန်းကို သွားပြီး စစ်ကူခေါ်တာဘဲ။ မမိုးဝါမှာ အကိုအမမရှိတော့ ကျမက သူဘက်ကလိုက်ပြီး ရန်ဖြစ်ပေးတယ်။

ပထမတန်းရောက်တော့ အပေါင်းအသင်းစုံလာတယ်။ ၉၁၊ ရှမ်း ၁၊ တိုင်းကြက်ခြံ၊ စမ်းချောင်း၊ အာဏာပိုင်ရုံး၊ အရှေ့ ပိုင်း၊ ရေပြာ ဘက်က လာတဲ့ သူတွေများတယ်။ ၉၁ က စန္ဒာဝင်း နဲ့ အတူထိုင်ဖြစ်တယ်။ သူက စွာတော့ အမကို စစ်ကူသွား ခေါ်စရာသိပ်မလိုတော့ဘူး။ အတန်းထဲက ကလေးမတွေက အီစွပ်ခုံရင် ကျမတို့ ကို မပါစေချင်ကြဘူး။ မုန့် နည်းနည်း ခွဲကျွေးမှ ပါရတယ်။ ကျမတို့ ရှေ့ ဆုံးတန်းမှာ ထိုင်ကြတယ်။ ကျမနဲ့ စန္ဒာ ကနှပ်ခဏခဏထွက်တော့ ဆရာမကညှစ်ပေးတယ်။ ကျမတို့  ဆရာမက အရမ်းချောတယ်။ သူလာရင် ဆွဲ ခြင်းသွားလုပြီး ကိုင်ကြတယ်။

မြန်မာစာလုံးတွေကို ကောင်းကောင်း ပေါင်းတတ် ဖတ်တတ်တဲ့ အချိန်မှာ အဆဲ စသင်တော့တာဘဲ သူများတွေ ဆဲသမျှကို စာရွက်လေးနဲ့ လိုက်ရေးပြီး ကျက်တယ်။ အိမ်ပြန်ရောက်တော့ သွားပြီး practise လုပ်မိတာ အမေနဲ့ မမကြီးနဲ့ ဝိုင်းချုပ်ပြီး အဆော်ပလော်တီးတာ ခံရတယ်။ ခါးကြားထဲမှာ လိပ်ထားတဲ့  အဆဲစာရွက် ကို မမကြီး မြင်သွားပြီး ခေါင်းခေါက်တာ ကြယ်တွေလတွေ တောင် မြင်တယ်။ အဲမှာ နည်းနည်းခွင့်လွတ်တဲ့  အဆဲစကား က ခွေးမစုတ်ကြီးတဲ့ ။ ဒါတောင် senior အမတွေ
ရှေ့ မှာ မဆဲရဲဘူး မကြားတကြားလေးပေါ့။ အမေက နောက်တခါဆဲတာကြားရင် ဂုံနီအိပ်ချုပ်တဲ့ အပ်နဲ့  ပါးစပ်ကို ဖေါက်ချုပ်မယ်
လို့ ပြောလို့  အဆဲပြတ်သွားတာ။

ဒုတိယတန်းလဲရောက်ရော စမ်းချောင်းပေါက်က ကရင်မတွေနဲ့ အသေခင်တာ သူတို့ နာမည်တွေက လှမှလှ ဆူးဖေါထူး၊ ထီးဖေါထူး၊ နော်ချယ်ရီသိန်း နှင်းသီတာ တဲ့ ။ သနပ်ခါးလိမ်းရင် ချယ်ရီသိန်းလိမ်းသလို အတုခိုးပြီး အများကြီးလိမ်း သွားပွတ်တံနဲ့ အစင်းထင်အောင် ခြစ်တယ်။ သူတို့ က ခင်စရာကောင်းတယ်။ မမကြီး က ကျောင်းမှာ လုပ်အားပေးဆရာမ လုပ်တော့ တခါတလေ သူစာသင်တဲ့ အခန်းကိုသွားပြီး ငါ့မမကြီးလှရဲ့ လားလို့ ချယ်ရီသိန်းနဲ့ အတူ သွားချောင်းရတာ အမောဘဲ။ မမကြီးက မျက်နှာသာမပေးပါဘူး။ အိမ်မှာ သူမျက်နှာသာပေးတာက မိန်းကလေးထဲမှာ အငယ်ဆုံး မယ်နီဂျစ်တူးမကိုလေ သူ့ ကိုမမကြီး က ပို့ ပို့ ကြီး လို့ ခေါ်တယ်။ ကျမကတော့ စာကျက်ပျင်းလို့  သူသိပ်မချစ်ဘူး။

တိုင်းကြက်ခြံ နားမှာနေတဲ့ သူငယ်ချင်းချောစုနဲ့ က ပထမတန်းကနေ တတိယတန်းအထိ အတူတူ။ သူနဲ့ ကျမတို့ ကျောင်းနောက်ဘက်က တောထဲမှာ ကစားကြတယ်။ တခါတုန်း က ဆရာမမလာတဲ့နေ့  သူ့ အဒေါ်နဲ့ ဦးလေးတို့  နေတဲ့  အာဏာပိုင်ရုံးထဲ က ၀န်ထမ်းအိမ် အထိချေရှည်ကြတယ်။ ၀န်ထမ်းတွေအလုပ်သွားတဲ့ အချိန်မို့  အိမ် ရှေ့ တံခါး ပိတ်ထားပေမဲ့  ရေချိုးခန်းကအပွင့်မို့  ကျမတို့ ရေဘုံဘိုင်က လာတဲ့ ရေကို လက်နဲ့ ခပ်သောက် ရေခွပ်နဲ့ ခပ်ပြီးချေဆေး မျက်နှာသစ် လုပ်ကြတယ်။ ကျောင်းကနေ လစ်ထွက်တာ ပထမဆုံးအကြိမ်မို့  အရမ်းကြောက်တယ်။ အပြန်မှာ သူငယ်ချင်းတွေ လက်ကို ကျစ်ကျစ်ဆွဲ ပြီး အတန်းထဲကို ခိုးကြောင်ခိုးဝှက် ပြန်ဝင်တယ်။ စကပ်မှာ ဆူးကြယ်သီးတွေ၊ မျက်သီးတွေ ကပ်တာကို ခွာချတယ်။ ခုထိ အဲဒီလို ခိုးထွက်ခဲ့တာ အမေတို့ မမကြီးတို့ မသိကြဘူး။

အိမ်စာလုပ်ပျင်းတဲ့ သူမို့  မမကြီး တက္ကသိုလ်သွားတဲ့ အချိန် ဟာလွတ်လပ်ရေးဘဲ။ ဒုတိယအမ လေးလေးလတ် က စာသင်ပေးတယ်။ သူ့ ကြောင့် လက်ရေးလှလှ ရေးဖို့ စိတ်ပါခဲ့ တယ်။ တတိယတန်း နှစ်လည်အထိ လက်ရေးက ကြောင်ချီးကုတ်လက်ရေးလေ။ လေးလတ်က ကျူရှင်စဖွင့်တော့ အတန်းထဲက သီတာ၊ ဇော်အောင်၊ အောင်ဆန်းဦး။မခွန်ဖန် နဲ့  ချောစုတို့ လာတက်ကြတယ်။ ဇော်အောင်ကို ပဲကြီးလို့ ခေါ်တယ် ဘာကြောင့်မှန်းတော့မသိဘူး။ သီတာကတော့ မောင်လေးအကြီးကောင်နဲ့ အရမ်းတည့်တာ။ သီတာက စချင်စရာခင်ချင်စရာကောင်းတယ်။ မောင်လေးအကြီးကောင်ကို သီတာ က ဆေးလိပ်ဖြူ ဆိုလား ဖိုးဆိတ်ဖြူဆိုလာုး စသည်။ သီတာ၊မခွန်ဖန်၊ ဇော်အောင်နဲ့ အောင်ဆန်းဦးတို့ က ၉၁က ဘဲ။

သီတင်းကျွတ်နဲ့  ဒီဇင်ဘာကျောင်းပိတ်ရက်တွေဆိုရင် အိမ်မှာစာမသင်ချင်ဘူး။ အိမ်ရှေ့ ကနားစည်း အိမ်ဝင်းထဲက မျောက်လောင်း အုပ်စုဆော့ရင် အာရုံရောက်ရောက်သွားတယ်။ ကလေးအုပ်က စု ငှက်ပျောလက်ခုတ်ပြီး သေနတ်လုပ် ကစားကြတယ်။ ဖိနပ်ပစ်တယ်။ တူတူပုန်းတယ်။ ကနားစည်းအိမ်ဝင်းထဲက မန်ကျီးပင်အိုပေါ်တက်ပြီး ကိုင်းခိုကြတယ်။ မိုးရွာရင် အိမ်ရှေ့ ရေမြောင်းကို သွားပြီး ရေခိုးချိုးတယ်။ ဌေးဌေးရီ နဲ့ ဆန်နီတို့ မောင်နှမ ၂ ယောက်လဲ အတူလာကစားကြတယ်။ ကျော်မင်းသိန်း၊ ရဲမင်းနောင် တို့ ညီအကိုလဲ အညင်းသန်တယ်။ လှဝင်းဆိုတဲ့ သကောင့်သားလေး ကတော့ လူလိမ်မာ။ လူကြီးတွေပေးမကစားခိုင်းရင် မလာဘူး။ အမေတို့ အလုပ်ရှုပ်နေရင်တော့မသိဘူးပေါ့။ အိမ်ခေါင်းရင်းက မာလကာပင် ကိုင်းကိုလွဲခိုတယ်။ ဘာမှ လုပ်စရာမရှိရင် ကျောင်းဝင်းထဲသွားပြီး ရွံ့  အပျော့ရှာတူးပြီး အရုပ်လုပ်တယ်။ အိုးပုတ်လုပ်တယ် ။ လောက်စာလုံးလုံးတယ်။ ထုတ်ဆီးတိုးချင်လွန်းလို့ အိမ်ကိုမျက်နှာလုပ်ပြီးဆန်ရွေးပေးရတာနဲ့ ပန်းကန်ကူဆေးပေးရတာနဲ့ ။ နေမစောင်းခင်ထွက်ပြီး ထုတ်ဆီးတိုးကွင်းထဲသွားလွန်းလို့  ခြေထောက်မှာတင်တဲ့ ချေးကို အမေတွေ အမတွေက ရေနံဆီနဲ့ တိုးပြီးချွတ်ရတယ်။

၆တန်းလောက်လဲ ရောက်ရော ကစားဖေါ်တွေသိပ်မရှိတော့ဘူး။ အတန်းဖေါ်တွေတော်တော်များများ အပျိုလုပ်ကုန်ကြပြီ။ အထက်တန်းကျောင်းကိုရောက်တော့ အတန်းတွေကွဲကုန်လို့ အရင်လို့ တတွဲတွဲ မရှိတော့ဘူး။ အထက်က အမနဲ့ အငယ်မ မယ်နီတို့ က စာကျိုးစားကြတော့ အချိန်နဲ့ ကစား အချိန်နဲ့  စာကျက်တယ် ဒါ့ ကြောင့် အဆူသိပ်မခံရဘူး။ ကျမသာ ငပျင်းမို့  အိမ်ဘေးက ဘောလုံးကွင်းထဲမှာ သူများတွေ ဘောလုံကန်တာကို ခုံချပြီး ငေးရတော့တယ်။ ကလေးတွေက လဲ သူတို့ ကစားရင် ပေးမပါစေချင်ကြတော့ဘူး။

ကျောင်းမှာတော့ သူငယ်ချင်း ခင်စောအေး၊စီးစီးလျာ၊ အောင်အောင်၊ဇင်မေ ရှိတယ်။ သူတို့  ကိုယ်လို ဘဲ။ ကလေးကိုယ်နဲ့ ကလေးစိတ်လေ။ ဘယ်လို မှ အပျိုကြီး စိတ်မ၀င်ဘူး။ ကျမတို့ တွေ အိမ်လည်ကျတယ်။ စီးစီလျာနဲ့ အတူ ခင်စောအေး နေမကောင်းလို့  အောင်အောင်၊ဇင်မေ နဲ့ ကျမတို့ ကုန်းပိုးပြီး သူ့ အိမ်ကိုပြန် ပို့ ပေးကြဘူးတယ်။ ခိုင်ချိုအောင်တို့  ချိုရီလွင်တို့ လဲပါမယ်ထင်တယ်။ မှော်ဘီ အထက (၂) က စည်းကမ်း တင်းကြပ်တော့ ကျမတို့ တွေ ရင်ဖုံးအင်္ကျီ ၀တ်ရတယ်။ ကျမတို့  ကလေးလူကြီးတစ်စု ရင်ဖုံးအင်္ကျီဝတ် ထမီ ကဒေါင်းကြိုက်ပြီး အီစွပ် ခုံကြတယ် ။ (၇)တန်းတက်တဲ့ အချိန်အထိပေါ့ ။

သူငယ်ချင်းတို့ ရေ သတိယနေတယ်။

No comments:

Post a Comment