Sunday 20 September 2009

(78) ဂျားမ ကြီး အကြောင်း

အဖွားဖြစ်သူ ကယ်ယူမွေးစားထားသော ခွေးမကြီးဖြစ်ပါသည်။ အရောင် အကြောင်အကျားနှင့်မို့  ကျားမ ခေါ်ခဲ့ပုံရသည်။ ကြာတော့ ကျားမ ကနေ ဂျားမ လို့ ကျမတို့ ခေါ်ကြသည်။

ဂျားမကြီးသည် သစ္စာရှိသည်။ လိမ္မာသည်။ လူစကားကို နားလည်သလား မလည်သလားတော့မသိ။ လူရိပ်လူကဲ ခတ်တတ်ပါသည်။ ကြင်နာတတ်သော ကျမတို့ အဖွားကြောင့် သူမွေးသမျှ ကလေးများ မှာ ကျမတို့ အဖို့ ဆော့စရာ အဖေါ်များပင်ဖြစ်ပါသည်။ ဆောင်းဝင်စ မနက်ခင်းစောစော တိုင်း အဖွားထ၍ တံမြက်စည်းလှည်းပြီး မီးဖိုပါသည်။ အိမ်နောက် မြေကွက်လပ်သည် ဝါးပင်များ၊ သက်ရင့်ပိတောက်ပင်ကြီးနှင့် အုတ်ပုံတစ်ခုရှိသဖြင့် ဝါးရွက်များ၊ ပိတောက်ရွက်ခြောက်များနှင့် မီးလှုံစရာ အလျှံအပယ်ပင်။ ဂျားမကြီးနှင့် ကျမတို့  ကလေးတစ်သိုက် အဖွားနားမှာ မီးစာလှုံ ကြပါသည်။ အဖွားကတော့ ခွေးပေါက်စလေးတွေ အတွက် ခွေးစာကြိုပါသည်။

အဖွားသည် တိရိ စ္ဆာန်များကို နှိပ်စက်ခြင်းကို မကြိုက်။ တိရိစ္ဆာန်တွေကို မနှိပ်စက်ပါနဲ့  လို့  မကြာမကြာ ပြောဖူးသည်။ ဂရုဏာတရားကြီးသည့်  သူမ သခင်မ နောက် အမြဲလိုက်သည်။ မနက်ခင်းမုန့်  ဝယ်လျှင်တောင် ဂျားမ ကြီးအတွက် တကိုယ်တာ ဝယ်ကြွေးသည်။ အဖွားမကြာခဏ ပြောတတ်သည့် စကားမှာ ခွေးဘဝ ဆိုတာ လူနှင့် နီးစပ်တယ်။ လူတွေ မသိနိုင်တာ မမြင်နိုင်တာတွေ ကို ခွေးတချို့  သိနိုင်သည်တဲ့။

ဂျားမ ကြီးကြောင့် သူခိုး သူဝှက်များ မကပ်ရဲ ပါ။ ခွေးသားချက်စားတတ်သော စရိုက်ကြမ်းသည့် လူများဖြတ်သွားလျှင် တအားဟောင်ပါသည်။ အိမ်နောက်အုတ်ပုံမှ မြွေတွေ့ တော့လည်း သတိပေးတာ က ဂျားမကြီးပင်။ အိမ်ဘေးအုန်းပင်မှ အုန်းသီးကြွေလျှင်တောင် သူစိမ်းလာကောက်လို့ က နည်းနည်းမျှသီးမခံ။ ငါးဖမ်းသည့် တံငါသည် ဦးသန်း၊ ၉၁မှ ငွေတိုးပေးစားသော ဒေါ်ငွေရီ၊ တို့ ကို ကိုတွေ့ လျှင်လဲ ဘယ်ဘဝက ရေစက်မှန်းမသိ စူးစူးရွားရွား ဟောင်ပါသည်။ လျင်မြန်ဖြတ်လတ်၍ အသံအောင်ပါသည်။ တသားပြီးတသား မွေးသော်လည်း ကလေး အဖတ်သိပ်မတင်ပါ။

ဒရကြမ်းမောင်းတတ်သော ၉၁မှ ကားစိမ်းစိမ်း များကြောင့် ၄င်း၊ ခွေးခွေးချင်းကိုက်သတ်တတ်သော ကနားစီးတို့ အိမ်တန်းလျှားမှ ခွေးအနက်မကြီးကြောင့်၎င်း၊ အဖုံးလုံစွာမအုပ်ထားသော၊ arrogant အိမ်နီးချင်းများ အညစ်အကြေးစွန့် တွင်းများကြောင့် ၄င်း၊ ခွေးလှလှ လေးများဆိုလျှင် ဖမ်းယူထားပြီး ပြန်မပေးတတ်သော တိုင်းကြက်ခြံမှ ကလေးတစ်ချို့ ကြောင့် ၄င်း၊ ခြံစောင့်ခွေးလို သည်ဆိုပြီး ကျမတို့  ဖခင်ကို အပူကတ်တတ်သော ရေပြာမှ ကုလားမောင် ၊ အရှေ့ ပိုင်းမှ ဝေသာလီ မောင်အေး တို့ ကြောင့် ၄င်း။ အိမ်မှာ ဒိုင်ခံ ကျန်ခဲ့တာက ဂျားမကြီးပင်။

အိမ်ရှိလူများ အပြင်ထွက်ပြီးမုန့်  ဝယ်တိုင်းဖြတ်ဖြတ်လတ်လတ် ထွက်ကြိုနေကျ။ ညဈေးတန်း သွားလည်ပြီး ခေါက်မုန့် တစ်ခု မှ သူ့ အတွက်မပါခဲ့ လို့ မရ။ ကလေးတစ်ယောက်လို ထမင်းပန်းကန်ကို မှောက်ခါ ဆန္ဒ လဲပြတတ်သည်။ ၈၈ အရေးအခင်းမတိုင်မှီတွင် ဂျားမကြီး တစ်ယောက်မျက်စေ့မှုန်စပြု ပြီ အစားသိပ်မစားနိုင်တော့ ။ အရင်တုန်းကလို ဖြတ်ဖြတ်လူး မလုပ်တော့။ စကားနည်းသော ကျမတို့  ဖခင်ကပင် ဂျားမကြီးအတွက် ဂရုတစိုက် မုန့် ဝယ်ခဲ့ရန် သတိပေးနေကြ။

ဂျားမ ကြီးသည် ဘယ်အချိန်ကတည်း ကကျမတို့ မိသားစုနှင့်အတူ လာနေမှန်းမသိပါ။ ကျမ မမွေးခင်ထဲကလား မွေးပြီးမှလားမသိပါ။ သူငယ်တန်းကျောင်းဆင်းလို့ ကျောင်းကွင်းထဲ လာကြိုတာလဲသူ၊ သပြေခင်း အိမ်ပြောင်းတော့ လမ်းထိပ်အထိ body guard လုပ်တာလဲသူ။ အဖွား ဘုန်းကြီးကျောင်းမှ ပြန်လာတိုင်း နဘေးမှာ အမြဲ လိုက်စောင့်ရှောက်သူ။ သူခိုးရန်က ကာကွယ်ပေးသူ။ ကျမတို့  မိသားစုအတွက် သစ္စာရှိသော ရဲဘော် မိတ်ဆွေကောင်း ဖြစ်ပါသည်။

တော်သေးပြီ။ ဂျားမကြီး ကောင်းရာမွန်ရာ ဘဝ မှာ ပျော်ပိုက်ပါစေ။

THANK YOU FOR READING THIS POST.

No comments:

Post a Comment