Wednesday 5 May 2010

ဆေးထိုးအပ် ကြောက်ခြင်း

(၉၁) လမ်းသွယ်လေး မှာနေတုန်း ၊ ကလေးဘဝ တချိန်က နေမကောင်းဖြစ်လျှင် ကျမတို့ တို့ ဖခင်က ချီပိုးပြီး အနီးဆုံး သမဝါယမ ဆေးခန်းမှာ သွားပြသည်။ ယခင်ကတော့ ထောက်ကြန့် မှ ဗိုလ်မှုးတစ်ယောက်ဖွင့်ထားသောဆေးခန်း သို့ ပြေးရသည်။ ထိုအချိန်တုန်း က ကျမတို့  အနီးနားမှာ ဆရာဝန် အရည်အတွက် သိပ်မများ။ ညရေး ညတာ ကျမတို့ ဖျားလျှင်ဖြင့် လမ်းသွယ်ထပ်နားက အီးဇက် ကိုပင့်ရသည်။ အီးဇက် သည် လေတပ်မှ ဆေးလက်ထောက် တပ်ဦးဖြစ်မည်ထင်ပါသည်။ ဆေးထိုးအပ်များကို ရေနွေး နှင့်ပြုတ်သည့် အသံကြားလျှင် အသားနာမည်ကို ကြိုသိသဖြင့် တွန့် တွန့် လူးအောင် ကြောက်ငို ငို မိပါသည်။ တခုခုများ ဆို နင့်ကို အီးဇက် ဆေးထိုးမယ် လို့  သာခြောက်လိုက် ကျမတို့ ကလေးတွေ ဖိန့် ဖိန့် တုန်အောင်ကြောက်ကြပါသည်။ အီးဇက် သည် ဗိုလ်ကပြားတစ်ဦးဖြစ်ပြီး၊ သူ့ ဖခင် အင်္ဂလိပ်ကြီး က သူတို့ မိသားစုနှင့် အတူနေသည်။ နာမည်က ဦးနယ်လ်ဆင် ဖြစ်ပြီး ရပ်ကွက်ထဲမှ အင်္ဂလိပ်စာ သင်ကြားလို သူများကို စာပြပေးပါသည်။ အီးဇက် ဆံပင်ကောက်ကောက် ၊ အသားနီနီ နှင့် ဆေးထိုးအပ် များ ရေနွေးအိုး ထဲမှ ဆူပွက်သံ တို့ ကြားလျှင် ငါတော့ ငရဲ့ ခံရမည်ဆိုပြီး ဝမ်းနည်းမိသည်။ အမေဖမ်းချုပ် ပေးထားသည့် ကြားက ဆေးထိုးခါနီး ဆေးထိုးအပ်မှ ဆေးစက်တခချို့  ကို အပေါ်မြှောက်ပြီး ပစ်လိုက်သည်နှင့် ရုန်းကန်ပြေးဖို့ ကြိုးစားသည်။ နောက်ပြီး ဆေးဆိုရင် အမေက ကြိတ်ပြီး ခါးခါးကြီးကို ဂရိုက်မီချာရောပြီးတိုက် သည်။ မကြိုက်အပေါ်ယံ ဂရိုက်မီချာ ချိုချိုလေးတွေ ကုန်ပြီး ဇွန်းကပ်များဆိုလျှင် ခါးပါဘိခြင်း၊ အီးဇက် ကတော့ ဆေးထိုးပြီး သူက ကျမတို့ ဖခင် နှင့် လေပေးလေယူဖြောင့်နေကြမို့  သူပြန်သွားမှ သက်ပြင်းချရသည်။

တခါသုံး အပ်တွေ အသုံးများလာတော့ ဆေးထိုးသည်မှာ အရင်တုန်းကလောက် နာသည်လို့ သိပ်မခံစားရတော့။ အိမ်ရှေ့  ဆေးခန်းမှ ကရင်အမျိုးသား ကျန်းမာရေးမှုးကြီး ဦးဝင်းကြည် ဆေးထိုးလျှင် အင်မတန်ညင်သာသည်။ ဆေးခန်းသွားတိုင်း ဘားပလက်၊ ဖဲရပ်စ်ဆာလဖိတ် များပေးသဖြင့် ဘားပလက် ကျန်းမာရေးမှုးကြီးလို့  နာမည်ပေးရမည်။ ပရွတ်ဆိတ်ကိုက်သလောက် တောင်မနာဘူးလို့ အမေပြောသဖြင့် မယုံမရဲဖြင့် သာဆေးခန်းသွားရသည်။ တကယ်တော့ ပရွတ်ဆိတ် ကိုက်တာထက် နာပါသည်။ ဒါပေမဲ့ သည် ကျန်းမာရေးမှုးကြီးကို စိတ်မှာ လေးစား သဖြင့် သူဆေးထိုးသည်မှာ နာသည်လို့ တောင်မထင်ရ။ သူ့ ရဲ့ personality က unit ဖြစ်သည်။ ၊ ကျော်သူ လွယ်အိပ်လိုပုံစံမျိုး ကရင်လွယ်အိပ် အမြဲလွယ်သည်။ မျက်မှန်တပ်သည်။ စကားမလို အပ်ဘဲမပြော။ သူ့ သမီး များ ကျမတို့  အမတော်များနဲ့  သူငယ်ချင်းတွေ ဖြစ်ပါသည်။

ကျိုင်းတောင်းမှာ ငှက်ဖျားဖြစ်တော့ ဆေးထိုးတာကြောက်တဲ့ ရောဂါပျောက်တော့သည်။ ဆေးထိုးအပ်ကြောက်တဲ့ ကိစ္စထက် ဒရစ်သွင်းရတာ ကို ကြောက်သည်။ သွေးကြောရှာပြီး ဆလိုင်းဓါတ်ဆားရည် ချိတ်တာ၂ကြိမ်၊ သွေးဖေါက်ပြီဟေ့ဆိုလျှင် ဗန္တုလသွေး ရှိသူပြီပြီ အံကိုကြိတ်ကာ မျက်နှာ လွှဲထားရသည်။ ကျိုင်းတောင်းမှ ငှက်ဖျားဖြစ်လျှင် ဒေသခံဆေးကုသူ (အပ်ပုန်းလို့ မခေါ်လိုပါ။ မသိဘဲ မခေါ်ချင်ပါ။) ရန်က ကြောက်ရသည်။ မဲ့ထောက်(landlady အဖွား) များ မြန်မာလို့ နားမလည်ဘဲ စိုးရိမ်စိတ်ဖြင့် ဒေသခံဆေးကုသူကို ခေါ်လာမှဖြင့် တစ်ခါကလဲ ဆောနယ်ဘက် က ဆရာ/မ တွေ နေမကောင်းတာ သွားအကြည့် သူတို့ ကို ကြည့်ရှုထားတဲ့ မဲ့ထောက်များက ပင့်လာသည့် ဒေသသမားတော်က လောက်လေးခွ ပစ်သည့် သရေကြိုးမျိုးကို လက်မောင်းအောက်ခြေမှာပတ်ပြီး အကြောဆေးတွေ သွင်းနေတာ တွေ့ တော့ အူယားလိုက်တာမှဖြစ်ခြင်း။ စေတနာနဲ့  လာကုပေးသူကို ဆရာတွေ စောတက မတက် မတောက်တခေါက် broken ရှမ်းစကားများဖြင့် ဧည့်ခံကြသည်။ ငှက်ဖျား များဖြစ်လိုက်ရင်ဖြင့် အသားကိုကျရော မောင်ထင် ဝတ္ထု ထဲက ချွေးတပ် ဆွဲ ခံရသည့် ငဘလို မျိုး အရိုးပေါ်အရေတင် ပါးပါးလေးသာ ကျန်တော့သည်။ ရှမ်းပြည်မှာတော့ ဆေးခါးဟင်း သောက်ခဲ့ဖူးသည်။ ငှက်ဖျား အတွက်ကောင်းသည်ဆိုဘဲ။ ဆေးခါးဟင်းချိုကိုသောက်လျှင် မဆီမဆိုင် ညောင်ရမ်းဂွတို၊ ငပြည့်၊ ရှင်ဂွမ်းဂွိ၊ သမိန်ပေါ့သွပ် စသည့် ကာတွန်း ဇာတ်ကောင်များ ကို သွားသွားသတိယ သည်။ မွေးမေလေ့လို့  အော်ရတာ ချင်း တော့ အတူတူ မို့ ထင်သည်။

ဒီနေရာ မှာတော့ ဆရာဝန်တွေ အပ်ကိုင်တာ ခုထိတွေ့ ဘူးသေး၊ ဆေးလဲတော်ရုံမထိုးပေး။ သွေးဖောက်တာ ဘာညာသာဒကာ အပူချိန်တိုင်းတာ၊ သွေးပေါင်တိုင်းတာ တွေကို နာစ်တွေသာ လုပ်တာ တွေမိသည်။ ဆရာဝန်တော်တော်များများမှာ နိုင်ငံခြားသား များသည်။ ခုထိ ဒေသခံမျက်နှာဖြူဆရာဝန် မတွေ့ ဘူးသေး။ ရှိတော့ရှိမည်။ ရှားမည်ထင်ပါသည်။ ကုသမှုမပေးမီ လူနာနှင့် လူနာရှင်ကို စုံစင်အောင် အချိန်ယူ ရှင်းပြသည်။ မေးခွန်းများစွာကိုလဲ ဖြေပေးသည်။ လူနာသဘောတူမှ ကုသမှုစတင်သည်။ ဒီမှာ အမှားအယွင်းများရှိလျှင် တရားစွဲဆိုမှုများလွန် သောကြောင့်ထင်မိပါသည်။ လွန်ခဲ့တဲ့ အပတ်က metro သတင်းစာထဲမှာ robot အကူအညီဖြင့် နှလုံးခွဲစိတ်သည်တဲ့။ တကယ်တော့ စက်နှင့် ခွဲ ဆရာဝန်က ခွဲခန်းအနီးက ကွန်ပျူတာမှ ထိန်းချုပ် ခြင်းသာဖြစ်မည်။ metro သတင်းစာ တော့ ကျမလက်ထဲမှာ ကော်ပီမရှိတော့ စိတ်ဝင်စားလျှင် ဒီလင့်မှာတော့ ဖတ်ရတာပို စုံမည်။ http://www.telegraph.co.uk/health/healthnews/7645049/Robot-used-in-heart-surgery.html . ကိုင်း ဆေးထိုးအပ်က စလိုက်တာ ဆေးပညာတွေ robot တွေအကြောင်း ရောက်ကုန်ပြီး နားလိုက်ပါဦးမည်။

No comments:

Post a Comment