Monday 5 April 2010

ဦးမင်းဒင် ရေးတဲ့  post



from : http://www.mindin.info/

ကောက်ရိုးတမျှင်

” ဆရာရယ် ။ လူမမာကိုဆေးထိုးပြီး သတ်ပေးတဲ့ အဆက်အသွယ်များ ဆရာ့မှာ ရှိရင် ကျနော့်ကို ညွှန်ပေးပါ ။ ကျနော် ဒီဘဝနဲ့ လူလောကြီးမှာ မနေချင်တော့ပါဘူး ။ သားသမီးတွေလုပ်စာကလည်း ဆေးကုလို့ မလောက်။ သူတို့မှာ ရှိတဲ့ ရှိစုမဲ့စု ရွှေတိုရွှေစ ဆိုလို့ နားက နားကပ်တောင် မရှိတော့ပါဘူး ဆရာ ”

” ဒီလောက်ပူတဲ့ ရာသီမှာ ရေမသောက်ရဘူးဆိုတော့ ကျနော့်ဒုက္ခကို ကိုယ်ချင်းသာ စာကြည့်ပါတော့ဆရာ ။မနေနိုင်လွန်းလို့ ပါးစပ်ထဲ ရေထည့်ပြီး ပါးလုပ်ကျင်းသလို လုပ်တော့ ရေသောက်ချင်တဲ့ ဇောကပ်နေတာကြောင့် လည်ချောင်းထဲကို ရေနည်းနည်း တော့ဝင်သွားတာပေါ့ ဆရာ ၊ ပါးစပ်ထဲရေဝင်သွားတာနဲ့ ဗိုက်ကဖောင်းလာတော့တာပဲ ဆရာ“

“ဆေးကုဘို့ ငါးရက်ကိုတကြိမ် ဘတ်သုံးထောင်ဆိုတော့ ကျနော်လည်း မရှာနိုင် တော့ ပါဘူးဆရာ၊ အခုလည်း ဆရာတို့လို မိတ်ဆွေတချို့ က တလကို ဘတ်ငါးရာ တထောင် ဝိုင်းကူနေကြလို့သာ အသက်ဆက်နေရတာ၊ ကျနော်သေသွားတာက ပိုကောင်းမယ် ဆရာရယ် “

“ကျနော်အပြင်ကို မထွက်နိုင်တော့ဘူးဆရာ၊ ဟိုတနေ့က မော်တော်ဆိုင်ကယ်ကို စက်နှိုး ကြည့်တာ မော်တော်ဆိုင်ကယ်က ကျနော်ပေါ်ပိကျလာလို့ ဘေးကလူတွေဝိုင်းဖယ်မှ ထနိုင်တော့တယ်ဆရာ။အခုတော့ အိမ်အပြင်မထွက်နိုင်တော့ဘူးပေါ့ဆရာ၊ စကားပြော ဖော် မရှိတော့ ပိုပြီး ချောက်ခြားလာတယ်ဆရာ၊ လူ့လောက ကြီးမှာ ကျနော်မနေချင် တော့ပါဘူး“
………………………………
ဘာကောင်မှ မဟုတ်သော ကျနော့်ကို တဆရာတည်း ဆရာ ၊ဆရာ ခေါ်ကာ သေချင် နေကြောင်း သူ့ကျန်းမာရေးအခြေအနေကို မေးလေတိုင်း အကြိမ်ပေါင်းများစွာ တယ်လီ ဖုန်းမှတဆင့် ငြီးတွားနေသူကား ကျနော့် မိတ်ဆွေကြီး ကိုလင်းကြည်ဖြစ်ပါသည် ။သူကား ကျောက်ကပ်ဝေဒနာကို အပြင်းအထန်ခံ စားနေရသူဖြစ်ပါသည် ။ သူ့ဒုက္ခကား ကြီးလှ ချေ၏။
………………………………..
လတ်တလောအခြေအနေအရ ကျနော်နှင့် ဖူးခက်မြို့မှာ တမြို့တည်းသား ဖြစ်နေသော ကိုလင်းကြည်ကား အသက်ငါးဆယ်ကျော် မြန်မာလူမျိုး မော်လမြိုင် ကျောက်တန်း ဇာတိ
ဖြစ်သည်။ သူဖူးခက်ကို ရောက်နေခဲ့သည်မှာ ဆယ့်ခြောက်နှစ်ခန့်ရှိပြီ ။ သူကျန်းမာစဉ်က သော် ဖူးခက်မြို့မှ ထိုင်းသူဌေးတယောက်၏ ရေခဲဆိုင်မှာ ရေခဲတင်ကားမောင်း သော အလုပ်ကို လုပ်သည်။ အရွယ်ရောက်သော သားတယောက်သမီးတယောက်နှင့်အတူ နေသည်။
……………………………..
သူသည် ဖူးခက်မြို့က တဦးတည်းသော ဘိသိသ်ဆရာဖြစ်သည်။ ဖူးခက်မြို့မှာ ဖူးစာ ဆုံကြသော ချစ်သူမောင်မယ်ကိုးဆယ် ရာခိုင်နှုန်းသည် ကိုလင်းကြည်၏ ဘိသိသ် မင်္ဂလာဖြင့် အကြင်လင်မယားဘဝရောက်ခဲ့ကြသူများဖြစ်ကြသည် ။ မင်္ဂလာပွဲနည်းပါးသော ဝါတွင်း ကာလများတွင် ဖူးခက်မှ ရွေ့ပြောင်းအလုပ်သမား စုံတွဲများခိုးရာလိုက်သံကြားပါက ကျနော်က ကိုလင်းကြည်ထံဖုန်းဆက်၍ “ ဘိသိသ်ဆရာကြီးကတော့ ပွဲမရှိတာနဲ့ ဂွင်ဖန်ပြန်ပြီထင်တယ်“ ဟု နောက်ပြောင်သည့်အခါ သူက ရယ်ကျဲကျဲလေသံဖြင့် “ ဟာ ဆရာတောင် ရိပ်မိနေပါပေါ့လား၊ အခုမှ သုံးတွဲပဲ ရှိပါသေးတယ် ဆရာရယ်၊ ဘယ်သူ့မှ မပြောပါနဲ့ ဆရာ ၊ မင်္ဂလာဆောင်နေ့ကျရင် လက်ဖွဲ့လေးနဲ့လာခဲ့ပါ ၊ ကျနော့်ဧည့်ခံ ပါမယ်“ ဟု အရွှန်းပြန်ဖောက်တတ်သူဖြစ်သည်။
ကိုလင်းကြည်ကား လူပျော်ဖြစ်သည် ။လောကကြီးကို ပျော်ပျော်ရင်ဆိုင်ရဲသူဖြစ်သည် ။ ယခုသော်ကား သူရင်ဆိုင်နေရသော ရန်သူသေမင်းမှာ အားကြီးလှသည်ဖြစ်ရာ လောကကို ပျော်ပျော်ကြီး ရင်ဆိုင်နိုင်သော သတ္တိတို့ ကွယ်ပျောက်ခဲ့ယောင်တကား ။
…………………………………
ကုန်သွယ်လယ်ယာဌာန ဝန်ထမ်းတဦးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၁၉၈၈ အရေးတော်ပုံကာလ၌် ဌာနပေါင်းစုံသပိတ်အဖွဲ့ဝင်တဦးဖြစ်ခဲ့သဖြင့် နောက်ပိုင်း တွင်တာဝန်မှ ရပ်စဲ ခံခဲ့ရသည် ။
မိသားစုစားဝတ်နေရေးအတွက် ရနောင်းဖက်သို့ ကူးလာကာ ကြုံရာကျပန်းအလုပ်တွေ လုပ်နေရာက ရေကြည်ရာမြက်နုရာ ဖူးခက်သို့ရောက်လာသည် ။
သူနေကောင်းစဉ်ကသော် ဖူးခက်မြို့ရှိ မြန်မာတိုင်းရင်းသား အလုပ်သမားများ သာရေး နာရေး အသင်း (မြန်တိုင်း အသင်း)တွင် ကျနော် နှင့် တွဲလျက်နေ့ရောညပါ စည်းရုံး ရေးဆင်း ၊ သာမှုနာမှုတွေပါ အားကျိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့ဘူးသည် ။ ဖူးခက်မှ မြန်မာရွေ့ ပြောင်းအလုပ်သမားများအတွက် မြန်တိုင်းဟူသော လစဉ်ထုတ်သတင်း စာတစောင်ကို လည်း သူနှင့်လက်တွဲထုတ်ဝေ ခဲ့ဘူးသည်။
အဖွဲ့အစည်း တခု တည်း တွင် အတူလုပ်ကိုင်ကြသူတို့ ထုံးစံအတိုင်း သူနှင့်ကျနော် အဖွဲ့ ရှေ့ရေးနှင့် ပတ်သက်၍ ငြင်းကြခုန်ကြ ပြန်တည့်လိုက်ကြနှင့် ။ မြန်တိုင်းကို ထူထောင်ဖက်၊ ရန်ဖြစ်ဘက်ထဲတွင် မြန်တိုင်း အတွင်းရေးမှူး (ယခုချင်းမိုင်တွင်ရောက်နေသော၊ ဗကသ နိုင်ငံခြားရေးရာမှ) ကိုကျော်ဝင်းလည်း ပါဝင်ခဲ့ဘူးသည်။ ၂၀၀၅ ဝန်းကျင်က မြန်တိုင်း ကို ဖူးခက်တွင် ဖွဲ့စည်းခဲ့ရာ အသင်းဝင် အင်အား သုံးထောင်နီးပါး ရှိခဲ့ဘူးသည်။ အသင်းဝင် တို့၏ လစဉ်ကြေြးုဖင့် ရပ်တည်ခဲ့သော မြန်တိုင်းမှာ တနှစ်ကျော်သာ သက်ဝင် လှုပ်ရှား နိုင်ခဲ့သည် ။ထို့အတူမြန်တိုင်းသတင်းစာလည်း ရပ်ဆိုင်းသွားခဲ့ရသည် ။
……………………………..
ကိုလင်းကြည် ကျောက်ကပ် ဝေဒနာကို ခံစားနေရသည်မှာ တနှစ်ကျော်ခန့် ရှိပြီ ။ ရောဂါစတင်ခံစား ရစဉ်က ဆီးက အဝါရောင်၊ ညိုညစ်ညစ် အရောင် ခပ်နောက်နောက် တွေပါလာရာက စသည် ။ဆေးရုံသွားပြတော့ ကျောက်ကပ်နှစ်ခုစလုံး အလုပ်မလုပ် တော့ဟု ဆိုသည်။
ကျောက်ကပ်ကို ငါးရက်တကြိမ်ဆေးကြောနိုင်ရန် လည်ပင်းမှာ အပေါက်ဖောက်ထား ရသည် ။
…………………………
သူ့အတွက် အကြီးဆုံးပြဿနာကား ငါးရက်တကြိမ် ကျောက်ကပ်ဆေးသည့် စက်ပေါ် တွင် ထိုင်ကာ ကျောက်ကပ်ဆေးရခြင်းပေတည်း။
ထိုသို့ကျောက်ကပ်တကြိမ် ဆေးကြောရခြင်းအတွက် ကျသင့်ငွေကား တကြိမ်လျှင် ထိုင်း ဘတ် သုံးထောင်ဖြစ်၍ တလခြောက်ကြိမ် ဆေးရသည်ဖြစ်ရာ တလအတွက် သွေးသန့်စင် စားရိတ်မှာ ထိုင်းဘတ် တစ်သောင်းရှစ်ထောင်(မြန်မာကျပ်ငွေ ငါးသိန်း ခန့်) ဖြစ်လေရာ ကိုလင်းကြည် တယောက် အချိန်ကြာလေ မျက်ဖြူဆိုက်လေဖြစ်ရတော့သည် ။
…………………………
သူ့ဒုက္ခကားငွေကုန်ရုံနှင့် ဆုံးခန်းမတိုင်သေးချေ ။ရောဂါအခြေအနေကြောင့် ရေမသောက် ရ ။ ဆန်ပြုတ်မသောက်ရ ။အရည်ရွှမ်းသော အသီးမစားရ ။ ဆီးပေါက် ပိတ်နေပြီ ။ လုံးဝ ဆီးမသွားတော့။ ဝမ်းသွား လျှင် ကလေးမီးဖွားသလို ဒုက္ခကြီးစွာ ခံစားနေရသည်ဟု ဆို သည်။ လှဲအိပ်၍မရ ထိုင်လျက်ပင် အိပ်စက်ရသည်။
လှဲအိပ်လိုက်လျှင် ခန္ဓာကိုယ့်အနှံ့တွင် စီးဆင်းနေသည့် သွေးတွေက ခေါင်းကို စုရောက် လာသလို ခံစားရပြီး ချက်ချင်း အသက်ထွက်သွားမည်ထင်ရအောင် တုန်လှုပ်ခြောက်ခြား နေသည်ဆို၏။ ဟိုစဉ်က အလုပ်နားရက်များတွင် မော်တော် ဆိုင်ကယ် တစီးနှင့် ဖူးခက် မြို့အနှံ့ မွန်မြန်မာအလုပ်သမား တို့၏ သာမှုနာမှု အလို့ငှာ တနေကုန်ခရီးနှင်နေတတ် သော ကိုလင်းကြည် တယောက် မော်တော်ဆိုင်ကယ်ကိုပင် စက်မနိုးနိုင်တော့ ။နေအိမ် ကျဉ်းကျဉ်းကလေးထဲမှာပင် ဘဝ၏ နောက်ဆုံးအချိန်ကို စောင့်မျှော် နေရချေသည် ။ ကိုလင်းကြည်၏ အသက်ကို အနည်းငယ် ဆွဲုဆန့်နိုင်မည့် နည်းလမ်းဖြစ်သော ဆီးသွား နိုင်မည့် အပေါက်ဖောက်မည် ဆိုပါကလည်း ကုန်ကျမည့် ငွေပမာဏက မသေးလှ။ ထိုင်းဘတ် ငါးသောင်းမှတသိန်းဝန်းကျင် ကုန်ကျနိုင်မည် ဆိုပါသည်။
…………………………….
ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းအလုပ်သမားများအတွက်ထိုင်းဘတ် (၃၀ )သွင်းကာမျှဖြင့် အစိုးရဆေးရုံများတွင် ဆေးဝါးကုသနိုင်သည် ဆိုသော်ငြား အမှန်စင်စစ် သာမန် အာဂန္တု ဖျားနာရောဂါများ အတွက်သာဖြစ်၍ ကိုလင်းကြည်ကဲ့သို့ နာတာရှည်ဝေဒနာရှင်များ အတွက်ကား အကျုံးမဝင်သည်ကား မျက်မြင်ကိုယ်တွေ့ပင် ။ကျောက်ကပ်ဆေးသည့် စက် က ဖူးခက်က ထိုင်းပြည်သူ့ဆေးရုံမှာ မရှိဟုဆိုလေသောကြောင့် ဖူးခက်ရှိ ဘန်ကောက် ဆေးရုံမှာ ငွေပေးနိုင်မှ ဆေးခွင့် ရသည် ။
ကျနော်တို့က ထိုင်းလူမှုဖူလုံရေးမှာ မှတ်ပုံတင်ထားလျှင် ဆေးကုသခ တဝက်ခန့် သက်သာမည်ဖြစ်ကြောင်း အကြံပေးကြသော်လည်း ယာယီပတ်စပို့တွင် အလုပ်ရှင် အမည်ခံထားသော ထိုင်းသူဌေးက လုပ်မပေးနိုင်ဆိုသောကြောင့် သူ့မှာ မနိုင်ဝန်ဖြင့် ရှေ့ခရီးဆက်နေ ရရှာသည် ။

…………………………….
အမှန်ကိုဆိုရသော် ယခုတလော ကျနော်စာရေးချင်စိတ်ကုန်ခန်းနေကြောင်း ဝန်ခံလိုပါ သည်။ သို့သော်ကျနော့် စာတကြောင်း စာတပိုဒ် ကြောင့် စေတနာရှင်များပေါ်လာခဲ့သော် ကိုလင်း ကြည် တယောက် လူ့ လောကတွင် တရက်တမနက် အသက်ဆက်လက် ရှင်သန် ခွင့် ရနေ ဦး မည်ဖြစ်ရာ စာဖတ် ပရိသတ်များထဲမှ သူတပါးဒုက္ခကို သုခဖြင့် အစားထိုး လို သူစေတနာ ရှင်တဦးတလေပေါ် လာလို ပေါ်လာ ငြား ဤစာစုကို ကျနော်ရေးပါသည်။

အကယ်တန္တိ စာဖတ်သူများ အနေဖြင့် ငွေအားဖြင့်မကူညီနိုင်သည့်တိုင် သေမင်းနှင့် အချိန်ပြည့်စစ်ခင်းနေရသူ ကိုလင်းကြည်အား နေ့လည်နေ့ခင်း အထီးကျန် အားငယ် နေချိန်တွင် ဖုန်းနံပတ် ( +၆၆(၀)၀၈၄၈ ၄၅၇၂ ၅၂) သို့ ဆက်သွုယ်၍ အားပေး နှစ်သိမ့် ကြစေလို ပါသည် ။

ရွှင်လန်းချမ်းမြေ့ပါစေ
မင်းဒင်

No comments:

Post a Comment